အနံ့ပျောက်နေသူ

October 19, 2020

ကူးစက်မှုနှုန်းအများဆုံး မြောက်ဥက္ကလာပ၌ အနံ့ပျောက်နေသူ ၂၀၀ ကျော်ရှိနေ

လက်ရှိတကျော့ပြန် ကူးစက်မြန်ကိုဗစ်ကပ်ရောဂါကာလအတွင်း လတ်တလော သီတင်းပတ်တွေအတွင်း နေ့စဉ်ကူးစက်မှု ၁၀၀၀ ကျော်ရှိလာရာ ဒီကိန်းဂဏန်းအရ ရန်ကုန်က ကူးစက်ခံ မြို့နယ်တချို့မှာတော့ နေ့စဉ်ပိုးတွေ့လူနာ ရာချီရှိလာပါတယ်။  ဒီထဲကမှ ရန်ကုန်တိုင်းက လူဦးရေများပြားသိပ်သည်းရာ မြို့နယ်တစ်ခုဖြစ်တဲ့ မြောက်ဥက္ကလာပမြို့နယ်မှာတော့ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်းအထိ ၁၉၂၉ ယောက်နဲ့ ကူးစက်ခံ လူနာအများဆုံး တွေ့ရှိထားပါတယ်။ မြောက်ဥက္ကလာပမြို့နယ်မှာ ကွာရန်တင်းစင်တာ ၁၇ ခုဖွင့်ထားပြီး ၊ အဲထဲက အနံ့ပျောက်တဲ့သူတွေထားတဲ့ စင်တာမှာတော့ လူပေါင်း ၂၀၀ ကျော်ရှိနေကြောင်း မြောက်ဥက္ကလာပမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ဒီဗွီဘီကိုပြောပါတယ်။ မြောက်ဥက္ကလာပမြို့နယ်ဟာ လူဦးရေသိပ်သည်းပြီး ကူးစက်မှုနှုန်းများရတဲ့ အကြောင်းတွေ ထဲမှာ စျေးသည်တွေကနေတဆင့် ကူးစက်တာလည်း ပါဝင်ကြောင်း သူကပြောပါတယ်။ မြောက်ဥက္ကဥလာပမြို့နယ်မှာ အဓိကစျေးကြီး ၁၄ စျေးရှိပြီး စျေးကြီးတွေကို အောက်တိုဘာလ ၁၇ ရက်နေ့က စပိတ်လိုက်ကြောင်း၊ တချို့စျေးလေးတွေကိုတော့ နေ့တဝက် ပိတ်ထားကြောင်း သူကပြောပါတယ်။ "စျေးတွေပတ်သက်တဲ့ ကူးစက်တာများတယ်လို့ သုံးသပ်ပါတယ်။  အခုစျေးတွေကိုပိတ်ပြီး ဆေးဖြန်းတဲ့အခါကျတော့ ကူးစက်နှုန်းကျသွားပါပြီ"လို့ ပြောပါတယ်။ အခုလက်ရှိ ဖွင့်ထားတဲ့ ကွာရန်တင်းစင်တာ ၁၇ ခုထဲက အနံ့ပျောက်သူတွေထားတဲ့ ကွာရန်တင်းစင်တာ ၃ ခုရှိပြီး ကျန်ကွာရန်တင်းစင်တာမှာ အသွားအလာကန့်သတ်ထားသူ ၉၀၀ ကျော်ရှိပါတယ်။
1 year Ago
Up