အနောက်နိုင်ငံခေါင်းဆောင်တွေ

A d v e r t i s e m e n t With Us

January 10, 2020

ယူကရိန်းလေယာဉ်ကို အီရန်မှားယွင်းပစ်ချခြင်းဖြစ်နိုင်ဟု အနောက်နိုင်ငံ ခေါင်းဆောင်များပြော

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့က အီရန်ပိုင်နက်တွင်း ယူကရိန်းခရီးသည်တင်လေယာဉ်ပျက်ကျမှုဟာ အီရန်ရဲ့မှားယွင်းပစ်ခတ်မှုကြောင့်ဖြစ်နိုင်တယ်လို့ အမေရိကန်အပါအဝင် အနောက်နိုင်ငံခေါင်းဆောင်တွေက ပြောဆိုနေကြပါတယ်။  ဒီအဖြစ်အပျက်ဟာ အီရန်က အီရတ်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်း  ၂ ခု ကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုဖြစ်ခဲ့ပြီး နာရီပိုင်းအကြာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကနေဒါနဲ့ တခြားထောက်လှမ်းရေး သတင်းရင်းမြစ်တွေအရ အီရန်ဒုံးကျည်ကြောင့် ယူကရိန်းခရီးသည်တင်လေယာဉ်ပျက်ကျတာ ဖြစ်ဖွယ်ရှိတယ်လို့ ကနေဒါဝန်ကြီး ချုပ်  ဂျက်စတင် ထရူးဒိုးက ဇန်နဝါရီ ၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။   ဘိုးအင်း-၇၃၇ အမျိုးအစား ယူကရိန်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းပိုင် အဆိုပါလေယာဉ်ဟာ အီရန်နိုင်ငံ၊ တီဟရန်မြို့၊ အီမာန်ခိုမီနီလေဆိပ်မှ ထွက်ခွာပြီး မကြာခင် ပျက်ကျခဲ့တာလို့ Fars သတင်းအေဂျင်စီက ဆိုပါတယ်။ လေယာဉ်ပေါ်မှာတော့ လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသည်စုစုပေါင်း ၁၇၆ ဦး လိုက်ပါခဲ့ပြီး အားလုံး သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းက ထုတ်ပြန်ခဲ့တာပါ။ အလားတူ အမေရိကန် တာဝန်ရှိသူတွေကလည်း  ယူကရိန်းလေယာဉ်ဟာ အီရန်လေကြောင်းကာကွယ်ရေးရဲ့ မတော်တဆ ပစ်ချခံရတာဖြစ်နိုင်တယ်လို့ ဇန်နဝါရီလ  ၉ ရက်မှာ ပြောခဲ့ပါတယ်။   ယူကရိန်းလေယာဉ် မပျက်ကျခင် ဒုံးကျည် နှစ်စင်းပစ်လွှတ်ခဲ့တာကို အမေရိကန် ဂြိုဟ်တုတွေက ထောက်လှမ်းသိရှိခဲ့ပြီး  အဲဒီနောက် ပေါက်ကွဲတာ တွေ့ရှိခဲ့တယ်လို့ အမေရိကန် အရာရှိတဦးက ပြောခဲ့ပါတယ်။   အမေရိကန်သတင်းအေဂျင်စီတခုဖြစ်တဲ့ စီဘီအက်စ်သတင်းကတော့ ယူကရိန်း လေယာဉ်ပျက်မကျခင်မှာ ဒုံးကျည်ပစ်လွှတ်မှုလို့ ယူဆရတဲ့ အစက်အပြောက်နှစ်ခုကို ရေဒါမှတဆင့် ထောက်လှမ်းတွေ့ရှိခဲ့ရပြီးနောက် အဲဒီထဲကတခုဟာ ပေါက်ကွဲသွားခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ သူ့အနေနဲ့ ဒီကိစ္စမှာ တစုံတယောက်က အမှားလုပ်မိခဲ့ပြီလို့ သံသယရှိကြောင်း ပြောလိုက်ပါတယ်။ နိုင်ငံတကာစည်းမျဉ်းတွေအရ ပျက်ကျရတဲ့အကြောင်းရင်းကို အီရန်အစိုးရက စုံစမ်းရမယ့် တာဝန်ရှိပြီး အီရန်နိုင်ငံပိုင်သတင်းဌာနကတော့ ပျက်ကျလေယာဉ်ရဲ့ black box နဲ့ ဒေတာရီ ကော်ဒါ နှစ်ခုစလုံးကို တွေ့ရှိတယ်လို့  ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် တွေ့ရှိထားတဲ့ black box ကို ဘိုရင်းကုမ္ပဏီကိုဖြစ်စေ၊ အမေရိကန်အစိုးရကိုဖြစ်စေ လွှဲပေးမှာ မဟုတ်ဘူးလို့ အီရန်အစိုးရက ‌ပြောထားပါတယ်။ လေယာဉ်ပျက်သေဆုံးခဲ့သူတွေထဲမှာ အီရန်နိုင်ငံသား ၈၂ ဦး၊ ကနေဒါနိုင်ငံသား ၆၃ ဦး၊ လေယာဉ်အမှုထမ်း ၉ ဦးအပါအဝင် ယူကရိန်း ၁၁ ဦး၊ ဆွီဒင်နိုင်ငံသား  ၁၀ ဦး၊ အာဖဂန်နိုင်ငံသား ၄ ဉီး၊ ဗြိတိန်နိုင်ငံသား ၃ ဦးနဲ့ ဂျာမန်နိုင်ငံသား ၃ ဦး ပါဝင်ပြီး သေဆုံးခဲ့သူတွေထဲက ၁၅ ဦးဟာ ကလေးငယ်တွေ ဖြစ်ကြပါတယ်။
1 year Ago
Up