အနုပညာရှင်များ

February 5, 2021

အာဏာရှင်ကို လှုပ်ကိုင်နိုင်ခဲ့သည့် “ကမ္ဘာမကြေဘူး” သီချင်းကို အနုပညာရှင်များ ပြန်လည်သီဆို (ရုပ်သံ)

“ကမ္ဘာမကြေဘူး… ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ… တော်လှန်ရေး… ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော… ဪ… သူရဲကောင်းတို့ရေ...အာဇာနည်တွေ နေတဲ့ တိုင်းပြည်… ကမ္ဘာမကြေဘူး... ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ… တော် လှန်ရေး… ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော… ဪ… သူရဲကောင်းတို့ရေ… အာဇာနည်တွေ နေတဲ့ တိုင်းပြည်… ရဲရဲတောက် တို့ပြည်သူတွေ”

ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဖျောက်ဖျက်ပစ်လို့မရတဲ့ ရှစ်လေးလုံးအရေးတော်ပုံအောင်နိုင်ရေး သီချင်းတပုဒ်ထဲက တေးသွားစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။

ဒီသီချင်းကိုတော့ တေးရေး နိုင်မြန်မာက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး ခေတ်အ ဆက်မှာ မေ့ဖျောက်မရတဲ့ သီချင်းတပုဒ်အနေနဲ့ မှတ်မှတ်ထင်ထင် ရှိခဲ့ကြရတဲ့ သမိုင်းဝင် သီချင်းတပုဒ် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကာလ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလို့ ခေါ်တဲ့ တစ်ပါတီ အာဏာရှင်စနစ်ကို တတိုင်းပြည်လုံးက ဆန့်ကျင်ကြဖို့ လမ်းပေါ်ထွက် ဆန္ဒပြတဲ့အချိန်မှာ ဆန္ဒပြသူတွေကို စစ်တပ်က သေနတ်နဲ့ပစ် ၊ ရိုက်နှက်ဖမ်းဆီးပြီး အပြင်းအထန် နှိမ်နှင်း နေချိန်မှာ ဒီ“ကမ္ဘာမကြေဘူး”သီချင်းဟာ ဆန္ဒပြ ပြည်သူတွေကြား ပျံ့နှံ့လာခဲ့တာ ဖြစ် ပါတယ်။

မြောက်ဥက္ကလာက တေးရေးဆရာ နိုင်မြန်မာ နဲ့ ကျောင်းသားလူငယ် ၁၃ ယောက် ရဲရဲဝံ့ဝံ့ မိတ်ဆက်ထုတ်ဖော်လိုက်တဲ့ ဒီသီချင်းဟာ လက်နက်မကိုင်စွဲထားဘဲ အစာ ငတ်ခံဆန္ဒပြနေတဲ့ ပြည်သူတွေ၊ ကျောင်းသားတွေ၊ ရဟန်းသံဃာတော်တွေ အတွက် တော့ အဓိကကိုင်စွဲစရာ စိတ်ဓာတ်လက်နက်တခုသဖွယ် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

“ကိုယ်တော်မှိုင်း… ရာဇဝင်တွေလည်း ရိုင်းခဲ့ကြပြီ အဖိုးရေ… သခင်အောင်ဆန်း နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ… ဪ… လုပ်ရက်ကြပေ… ပေတရာပေါ်မှာ ပြည်သူအလောင်းတွေ… ကိုယ်တော်မှိုင်း… ရာဇဝင်တွေလည်း ရိုင်းခဲ့ကြပြီ အဖိုးရေ… သခင်အောင်ဆန်း နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ… ဪ… လုပ်ရက်ကြပေ… ပေတရာပေါ်မှာ ပြည်သူအလောင်းတွေ… တုံးရုံးလဲပြိုကာနေ”

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင် ပိုင်းတချို့ကို စစ်တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီး နောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်းဆု တောင်းပွဲတွေနဲ့အတူ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒပြမှုတွေ လုပ်ဆောင်နေကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့ အနေ နဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

ခုတခါမှာတော့ အာဏာရှင်ကို လှုပ်ကိုင်နိုင်ခဲ့တဲ့ တချိန်က နာမည်ကျော် “ကမ္ဘာမကြေဘူး” သီချင်းကို နာမည်ကြီးအနုပညာရှင်တွေ ဖြစ်ကြတဲ့ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ခင်ဝင့်ဝါ၊ ဆုမြတ်နိုးဦး၊ အလင်းရောင်၊ ဒါရိုက်တာ ဝိုင်း၊ မိတ်ကပ်ပညာရှင် မထက်၊ ဒါရိုက်တာ ဏကြီး၊ ပိုင်ဖြိုးသု၊ ချာလီ စတဲ့ အနုပညာရှင်တွေက ဖယောင်းတိုင်မီးထွန်းကာ တကျော့ပြန် သီဆိုထားခဲ့ကြတာကို တွေ့ရပါတယ်။

4 months Ago

October 28, 2020

ရန်ကုန်တက္ကသိုလ်ရာပြည့်ဖျော်ဖြေပွဲတွင် နော်လီဇာ၊ မေခလာနှင့် အနုပညာရှင်များ ဖျော်ဖြေမည်

လာမယ့် အောက်တိုဘာ ၃၀ မှာ ကျင်းပမယ့် ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့် ဂုဏ်ပြုအထိမ်းအမှတ် ဂီတဖျော်ဖြေပွဲမှာ ဝါရင့်နာမည်ကြီး တေးသံရှင်တွေဖြစ်ကြတဲ့ နော်လီဇာ၊ မေခလာတို့နဲ့အတူ တခြားအနုပညာရှင်တွေ ဖျော်ဖြေသွားဖို့ ရှိနေပါတယ်။ အခုနှစ်မှာ ကျရောက်တဲ့ ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အနေနဲ့ တက္ကသိုလ်ဖွဲ့တေးသီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ်ထုတ် လွှင့်ပြသပေးနေပြီး မြန်မာ့ရုပ်မြင်သံကြား ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာလည်း တိုက် ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ ပထမသီတင်းပတ်အနေနဲ့ ဖျော်ဖြေပွဲမှာတော့ ဝါရင့်တေးသံရှင်ကြီးတွေ ဖြစ်ကြတဲ့ မြန်မာပြည်သိန်းတန်၊ အောင်နိုင်၊ ဟေမာနေဝင်း တို့နဲ့အတူ ချမ်းချမ်း၊ အိုင်ရင်းဇင်မာမြင့်၊ နေမင်းအိမ်၊ ထွန်းနောင်ဆင့်၊ နန်းဆုဦးစတဲ့ တေးသံရှင်တွေ ပါဝင်ဖျော်ဖြေပေးသွားခဲ့ကြတာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၃ ရက် ဒုတိယသီတင်းပတ် ဖျော်ဖြေပွဲမှာတော့ မြန်မာသံအဆို တော်ကြီးတွေ ဖြစ်ကြတဲ့ တက္ကသိုလ်လဲ့လဲ့၊ သန်းမြတ်စိုး၊ ထား၊ မောင်သိန်းဝင်းတို့နဲ့ တခြားအဆိုတော်တွေက တက္ကသိုလ်အမှတ်တရ သီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြတာပါ။ အခုလာမယ့် အောက်တိုဘာ ၃၀ ရက် ဖျော်ဖြေပွဲ ပွဲစဉ် ၃ မှာတော့ LUCKY HAND တေးဂီတအဖွဲ့နဲ့အတူ အဆိုတော် တူးတူး၊ ဂျေညီညီ၊ စည်သူလွင်၊ စံလင်း၊ ဖြိုးပြည့်စုံ၊ ဂျူ နီယာချစ်ကောင်း၊ နော်လီဇာ၊ မေခလာ၊ ချောစုခင်၊ မေစပယ်ညို၊ ဂျူဝယ်လ်၊ မေသူကျော် စတဲ့ တေးသံရှင်တွေ ပါဝင်ဖျော်ဖြေသွားကြမှာ ဖြစ်ပါတယ်။ ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တဲ့  ရန်ကုန် တက္ကသိုလ်ဟာ အခုလာမယ့် ဒီဇင်ဘာ ၁ ရက်နေ့ဆိုရင် နှစ်ပေါင်း ၁၀ဝ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ နှစ် ၅၀ ပြည့် ရွှေရတု၊ ၇၅ နှစ်ပြည့် စိန်ရတုသဘင် အခမ်းအနားတွေကို ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့ပေမယ့် အခုနှစ်မှာ ကျရောက်တဲ့ ရာပြည့်သဘင်ကတော့ လတ်တလော ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့်မို့ နှောင့်နှေးခဲ့ရတာ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ဟာ စစ်ကြိုခေတ်နဲ့ လွတ်လပ်ရေးရပြီးစ ကာလတွေက ပညာရေး ကဏ္ဍမှာ အရှေ့တောင်အာရှမှာသာမက အာရှအဆင့်မှာပါ ထိပ်တန်းက ရပ်တည်နိုင်ခဲ့တာမို့ ရန်ကုန်တက္ကသိုလ်မှာ တခြားအာရှနိုင်ငံတွေက ကျောင်းသူ၊ ကျောင်းသားတွေ လာရောက်ပြီးတော့ ပညာဆည်းပူးခဲ့ကြရတာပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့အနေနဲ့ ရန်ကုန် တက္ကသိုလ်ကို ဒီကနေ့အချိန်အခါမှာ ကမ္ဘာပေါ်မှာ အကောင်းဆုံးတက္ကသိုလ်တခု ပြန်လည် ဖြစ်လာစေဖို့ မျှော်မှန်းထားကြောင်း ပြောခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးသမိုင်းကြောင်း၊ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းမှာ ထင်ရှားတဲ့ သမိုင်းမှတ်တိုင်တခုဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်‌အခမ်းအနားတွေကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကစတင်ကာ ၂၀၂၀ ဒီဇင်ဘာလအထိ တနှစ်ပတ်လုံး ကျင်းပဖို့ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် တက္ကသိုလ်တွေ၊ အခြေခံပညာကျောင်းတွေနဲ့အတူ စီးပွားရေးလုပ်ငန်း တချို့ကိုပါ ပိတ်ပင်ထားခဲ့ရတာမို့ ရာပြည့်သဘင်မှာ ကျင်းပသွားဖို့ရှိနေတဲ့ အထိမ်းအမှတ် စာစောင်ထုတ်ဝေတာတွေ၊ စာတမ်းဖတ်ပွဲတွေ၊ ပြင်ပပညာရှင်တွေ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဟောင်းတွေရဲ့ ဟောပြောပွဲတွေ၊ စာပေဂီတ အနုပညာဆိုင်ရာ တီထွင်ဖန်တီးမှုဆိုင်ရာ ပြပွဲပြိုင်ပွဲတွေ၊ ပဒေသာကပွဲတွေ၊ ဈေးရောင်း ပွဲတော်တွေ အပါအဝင် အခမ်းအနားအားလုံးကို ဘာမှမလုပ်နိုင်ခဲ့ပဲ ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။
8 months Ago
More News
Up