ဇွန်လ ၂၁ ရက်နေ့က ရုရှားအနောက်ဘက် ဘောလတစ် ပင်လယ်ပြင်ကို ဖြတ်သန်းသွားလာခဲ့တဲ့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်ဂိုရဲ့ လေယာဉ်အနီးကို နေတိုးတပ်ဖွဲ့ရဲ့ F-16 တိုက်လေယာဉ် အနီးကပ်ပျံသန်းခဲ့ပါတယ်။
ဒါပေမယ့် ရုရှားတိုက်လေယာဉ် ဆူခွိုင် Sukhoi -27 တိုက်လေယာဉ်က တွေ့မြင်ခဲ့ပြီးနောက် နေတိုးတိုက်လေယာဉ်ဟာ ရှောင်ထွက်သွားပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဟာ ကာလင်ဂရက်မှာ ပြုလုပ်တဲ့ ရုရှားနယ်မြေ အနောက်ပိုင်းကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတက်ဖို့ ဘောလတစ်ပယ်လယ်ပြင်ကို ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။
“ကျနော်တို့ရဲ့ အနောက်ဘက်နယ်စပ်ဟာ ယိုယွင်းလာနေပါတယ်။ ဒီလိုဖြစ်တာက နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ အရှေ့ဥရောပနယ်မြေ စစ်ရေးလှုပ်ရှားမှုတွေကြောင့်ပါ။ ဘောလတစ် နိုင်ငံတွေရဲ့ ရေတပ်ဆိပ်ကမ်း၊ လေတပ်အခြေစိုက်စခန်း စတဲ့အခြေခံအဆောက်အဦတွေကို အဆင့်မြှင့်ထားတာ တွေ့ရတယ်” လို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်ဂိုက ပြောကြားပါ တယ်။
ဘောလတစ်ပင်လယ်ဟာ ရုရှားနဲ့ နေတိုးအကြား တင်းမာမှု မြင့်တက်ရာနေရ ဖြစ်လာပါတယ်။
အခုလ အစောပိုင်းကလည်း နျူကလီးယားဗုံးသယ်ဆောင်နိုင်တဲ့ အမေရိကန် B- 52 ဗုံးကြဲလေယာဉ်ဟာ ရုရှားပိုင်နက်အနီး ပျံသန်းခဲ့တာကြောင့် ရုရှားတိုက်လေယာဉ် တစင်းကို အရေးပေါ် ပျံသန်းစေခဲ့ပါတယ်။
6 years Ago