အနီကတ်

February 3, 2021

ဝုဗ်နှင့်ပွဲ၌ ဒေးဗစ်လူးဝစ္စ၏ အနီကတ်အတွက် အာဆင်နယ်နည်းပြပေါက်ကွဲ

လီနိုရဲ့အနီကတ်ပြစ်ဒဏ်ကို ဘာမှမပြောလိုပေမယ့် ဒေးဗစ်လူးဝစ္စရဲ့ အနီကတ်ကိုတော့ တော်တော်လေး စိတ်ပျက်မိတယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။ 

ဝုဗ်အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ကစားသမား ၂ ဦး အထုတ်ခံရမှုနဲ့အတူ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းဟာ အကောင်းဆုံးစတင်နိုင်ခဲ့ကာ နီကိုးလပ်စ်ပေပေရဲ့ ဂိုးကြောင့် ပွဲချိန် ၃၂ မိနစ် မှာတင် ဦးဆောင်ခွင့်ရရှိခဲ့ပါတယ်။ 

ဒါပေမယ့် ပထမပိုင်းပြီးခါနီးမှာ အာဆင်နယ်အသင်းအတွက် ကံမကောင်း ခြင်းတွေစတင်ခဲ့ပြီး ပြိုင်ဘက်ကစားသမား ဝီလီယမ်ဂျို့စ်ကို ကစားပုံကြမ်းတမ်းလို့ဆိုကာ ပင်နယ်တီပေးခဲ့ရပါတယ်။ ပင်နယ်တီအပြစ် ဒေးဗစ်လူးဝစ္စဟာလည်း အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဒီအခြေအနေမှာ လူဝစ္စဟာ ဂျို့စ်ကို ထိရုံလေး ထိခဲ့တယ်ဆိုပေမယ့် တိုက်ရိုက်အနီကတ်အပြခံခဲ့ရတာဟာ သူ့အတွက်ကံဆိုးခဲ့တယ်လို့ပြောရမှာဖြစ်ပြီး ရည်ရွယ်ချက်မပါဘဲ ထိခဲ့တဲ့အပေါ် ပင်နယ်တီပါပေးခဲ့ရတာက အာဆင်နယ်အသင်းအတွက် တော်တော်လေးကို နစ်နာစေခဲ့ပါတယ်။ 

ဒိုင်လူကြီး ခရိတ်ပေါ်ဆန်က သူ့ဆုံး ဖြတ်ကို VAR နဲ့ပြန်လည်စစ်ဆေးကာ အတည်ပြုခဲ့ပြီး ရရှိခဲ့တဲ့ပင်နယ်တီကို ရူဗင်နီဗက်စ်ကကန်သွင်းကာ တစ်ဖက် ၁ ဂိုးစီဖြစ်စေခဲ့ပါတယ်။ 

ဒုတိယပိုင်းပြန်လည်စတင်ပြီး မိနစ်ပိုင်းအကြာမှာ မော်တင်ဟိုက အဝေးကန် ချက်နဲ့ ဝုဗ်အသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ချေပဂိုးရရှိဖို့ ကြိုးစားလာတဲ့အာဆင် နယ်အသင်းအတွက် ဂိုးသမားလီနိုရဲ့အနီကတ်က အထိနာစေခဲ့ပြီး လီနိုဟာ ဧရိယာအပြင်ထွက်ကာ ဘောလုံးကို ပုပ်ခဲ့တဲ့အတွက် အနီကတ်ပြခံခဲ့ရပါတယ်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ အာတီတာက “ကျနော်ဒီဖြစ်ရပ်ကို ရှုထောင့် ၅ မျိုးကနေ ၁၀ ခါလောက် ပြန်ကြည့်ပြီးသွားပါပြီ။ ဒါပေမဲ့ ထိမိခဲ့တာမျိုးမတွေ့ပါဘူး။ ဒီကိစ္စကို အယူခံတင်မလားဆိုရင် yes လို့ပဲ ပြောစရာရှိပါတယ်။ ကျနော်မမြင်တဲ့ တခြားရှုထောင့်မျိုးကနေ သူတို့၊ ခင်ဗျားတို့မြင်သလားဆိုတာတော့ မသိပါဘူး။ ဒီလိုမျိုးကြီးမားတဲ့ ဆုံးဖြတ်ချက်တွေဟာ ဒီလိုပဲဖြစ်ပေမယ့် ကျနော်ဘာမှ လုပ်လို့မရတော့ ပါဘူး။ သူတို့ ဒါကို မှန်တယ်လို့ပြောမယ်ဆိုရင် ကျနော်ဘက်က ပြန်တောင်းပန်သွားမှာဖြစ်ပါတယ်။ ကျနော်ပြောချင်တာကတော့ ထိခိုက်မိတာမျိုး မမြင်ခဲ့ဘူးဆိုတာနဲ့ ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ဒီလိုဆုံးဖြတ်ချက်ကြီးအတွက် ဒေါသဖြစ်မိတယ်ဆိုတာပါပဲ” လို့ အာတီတာက ပြောပါတယ်။

    လီနိုရဲ့ အနီကဒ်နဲ့ပတ်သတ်ပြီးတော့ အာတီတာကသူ့ရဲ့ဂိုးသမားကို ဝေဖန်ပြောဆိုသွားဖို့ငြင်းဆန်ခဲ့ ကာ “လီနိုက ဒီဆုံးဖြတ်ချက်ကို စက္ကန့်ပိုင်းအတွင်းချမှတ်ခဲ့တယ်လို့ထင်ပါတယ်။ သူကဘောလုံးကိုတားဆီးဖို့ ပဲကြိုးစားခဲ့တာဖြစ်ပြီး ဒီထက်ပိုပြီးလဲ သူတတ်နိုင်မှာမဟုတ်ပါဘူး” လို့အာတီတာက ပြောပါတယ်။

9 months Ago

January 20, 2021

ဘာကာ ကစားသမားဘဝ ပထမဆုံးအနီကတ်အတွက် မက်ဆီ ၂ ပွဲပယ် ပြစ်ဒဏ်ခံရ

ဘာစီလိုနာ ကစားသမားဘဝ ပထမဆုံး အနီကတ်ပြစ်ဒဏ်အတွက် မက်ဆီဟာ ၂ ပွဲ ပယ်ခံခဲ့ရပါတယ်။ ဘီလ်ဘာကိုနဲ့ စပိန်စူပါဖလားပွဲမှာ အနီကတ်ပြခံခဲ့ရတာဖြစ်ပြီး ကာလရှည်ပွဲပယ်ခံရမယ့် အရေးကနေ ရှောင်လွှဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာကာအသင်းကတော့ မက်ဆီရဲ့ ပြစ်ဒဏ်အပေါ် အယူခံဝင်သွားမှာဖြစ်ပါတယ်။  ဒီပွဲမှာ မက်ဆီဟာ ပြိုင်ဘက်ကစားသမားကို ပြေးရင်းနဲ့ လက်နဲ့ ရိုက်မိခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်အပေါ် စပိန်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ RFEF က ၂ ပွဲသာ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် မက်ဆီဟာ အများဆုံး ၁၂ ပွဲအထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်တယ်လို့လည်း သတင်းကြီးခဲ့ပါတယ်။ ဒါပေမဲ့ ပွဲတာဝန်ရှိသူတွေနဲ့ RFEF တို့က မက်ဆီဟာ ရန်လိုတဲ့အပြုအမူရှိခဲ့တယ်လို့ မဆုံးဖြတ်ခဲ့တာကြောင့် ၂ ပွဲပယ်ပြစ်ဒဏ်သာ ရရှိခဲ့တာပါ။ မက်ဆီရဲ့ကိစ္စနဲ့ပတ်သက်လို့ ပြိုင်ပွဲကော်မတီဥက္ကဋ္ဌ ကားမန်ပီရက်ဇ်က ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။  မက်ဆီဟာ ဒီပြစ်ဒဏ်ကို ဖလားပွဲမှာရရှိခဲ့တာဖြစ်ပြီး RFEF က စပိန်လိဂ်က အကြောင်းအရာတွေကိုသာ ပြစ်ဒဏ်ချမှတ်တာပဲ ဖြစ်ပါတယ်။ ပီရက်ဇ်ဟာ ဘာကာဘက်က တင်သွင်းတဲ့ လျှောက်လွှဲချက်ကို နားထောင်ပြီး မက်ဆီကို ၂ ပွဲသာပယ်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပြစ်ဒဏ်ကြောင့် မက်ဆီဟာ ကော်နဲလ်လာနဲ့ ကိုပါဒယ်ရေးဖလားပွဲအပြင် အယ်လ်ချီနဲ့ လာလီဂါပွဲကိုသာ လွဲချော်တော့မှာ ဖြစ်ပါ တယ်။ ဒါကြောင့် အသက် ၃၃ နှစ်အရွယ် ကစားသမားဟာ အယူခံ ပယ်ချခံရတယ်ဆိုတင် ဘာကာအတွက် ဇန်နဝါရီ ၃၁ ရက်မှ ကစားပေးနိုင်တော့မှာဖြစ်ပြီး ဒီပွဲမှာ ဘီလ်ဘာအိုအသင်းနဲ့ တွေ့ဆုံနေတာ တိုက်ဆိုင်မှု ဖြစ်ပါတယ်။ ဒီပွဲမှာ မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့ဟာ စူပါဖလားရှုံးပွဲအတွက် ဘီလ်ဘာအိုကို ပြန်လည်လက်စားချေရမှာဖြစ်ပြီး ဖလားပွဲမှာတော့ သူတို့ဟာ ရှုံးနိမ့်ခဲ့ပါတယ်။  စူပါဖလားဗိုလ်လုပွဲမှာ ဘာကာအသင်းဟာ ၂ ကြိမ်တိုင်တိုင် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဘီလ်ဘာကို အသင်းရဲ့ရုန်းအားကြောင့် ချေပဂိုး ၂ ကြိမ် ပြန်လည်ခွင့်ပြုပေးခဲ့ရပါတယ်။ မိနစ် ၉၀ အတွင်း သရေကျခဲ့လို့ အချိန်ပိုကစားရာမှာ ဝီလီယံက ဘီလ်ဘာကိုအတွက် အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် စူပါဖလားကို ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ ဒီအနိုင်ဂိုးကို ခွင့်ပြုပေးခဲ့ရပြီး မိနစ်အနည်းငယ်အကြာမှာ အနီကတ်ပြခံခဲ့ရကာ သူ့ရဲ့လုပ်ရပ်အပေါ်  ဝေဖန်ဖို့ကိုလည်း ဘာကာနည်းပြ ကိုးလ်မန်းက ငြင်းဆိုသွားပါတယ်။
9 months Ago
More News
Up