အနိုင်ရကိုယ်စားလှယ်များ၏ ပိုင်ဆိုင်မှုစာရင်း

January 2, 2021

NLD ပါတီ အနိုင်ရကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်မှုစာရင်းတင်ထား

NLD ပါတီက ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှုစာရင်းတင်သွင်းထားမှု ၇၅ ရာခိုင်နှုန်းကျော်ရှိပြီဖြစ်ပြီး ကျန်ရှိကိုယ်စားလှယ်များ အမြန်ဆုံးပေးပို့ကြဖို့ ပါတီဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးက တိုက်တွန်းလိုက်ပါတယ်။  ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်တွေအနေနဲ့  ဒီဇင်ဘာလကုန် နောက်ဆုံးထားကာ သူတို့ရဲ့ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ဖို့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားပါတယ်။  လက်ရှိအချိန်ထိတော့ အနိုင်ရကိုယ်စားလှယ်တွေထဲက ၇၅ ရာခိုင်နှုန်းကျော်လောက် ပါတီဗဟိုကို ပေးပို့ထားပြီးဖြစ်ကာ ကျန်ရှိနေတဲ့ကိုယ်စားလှယ်တွေလည်း အမြန်ဆုံးပေးပို့ကြဖို့ကို NLD ပါတီဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က တိုက်တွန်းပြောဆိုပါတယ်။  ကိုယ်စားလှယ်တွေ ပိုင်ဆိုင်မှုစာရင်းကို စာအိတ်နဲ့ချိပ်ပိတ်ပေးပို့ရမှာဖြစ်ပြီး ပါတီဗဟိုက ဖွင့်ဖောက်တာမျိုးမရှိဘဲ သိမျးဆည်းထားမှာဖြစ်ကာ နောက်ပိုင်း အဂတိလိုက်စားမှုကိစ္စ တစုံတရာပေါ်ပေါက်ခဲ့ပါက စာအိတ်ဖွင့်ဖောက်တိုက်ဆိုင်စစ်ဆေးကာ အရေးယူသင့်တာကို အရေးယူသွားမယ်လို့ မုံရွာအောင်ရှင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှုစာရင်းကို အလားတူ တောင်းခံခဲ့တာရှိပါတယ်။  အခုလို ပိုင်ဆိုင်မှုစာရင်း တောင်းခံတာကို လက်ခံကြိုဆိုတယ်လို့ NLD ပါတီရဲ့ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်အများစုက ဆိုပါတယ်။  အခုလို တောင်းခံထားပါက လာဘ်ပေးလာဘ်ယူတာတွေ မသင်္ကာလို့ တိုင်ကြားခံရလျင် စစ်ဆေးလို့ ရသလို ပြည်သူတွေအနေနဲ့လည်း ပါတီရဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ချက်ကို သိရှိသွားတယ်လို့ NLD ပါတီရဲ့ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောပါတယ်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ NLD ပါတီက မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာကနေ  ၉၂၀ နေရာအနိုင်ရရှိခဲ့ကာ အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
10 months Ago
Up