အနိုင်ယူနိုင်

December 29, 2019

လက်ရှိခြေစွမ်းအရ အသင်းတိုင်းကို အနိုင်ယူနိုင်ဟု မန်ယူနိုက်တက် နောက်ခံလူပြော

မန်ချက်စတာယူနိက်တက်အသင်းရဲ့ လက်ရှိခြေစွမ်းဟာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တဲ့ ခြေအနေအထားမှာ ရှိနေပြီလို့ နောက်ခံလူ ဟယ်ရီမက်ဂွဲယားက ပြောဆိုလိုက်ပါတယ်။ ဘန်လေအသင်းကို နှစ်ဂိုး ဂိုးမရှိ နဲ့အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ အခုလို ပြောဆိုလိုက်တာပါ။  ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူးတွေဖြစ်တဲ့ မားကပ်ရက်ဖို့ဒ်နဲ့ အန်တိုနီမာရှယ်တို့က သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီရလဒ်ကြောင့် ဆိုးလ်ရှားရဲ့ အသင်းဟာ အမှတ်ပေးဇယားရဲ့အဆင့်ငါးနေရာထိ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။  အင်္ဂလန်နောက်ခံလူက ယူနိက်တက်အသင်းရဲ့လက်ရှိခြေစွမ်းကို အားရနေပြီး အသင်းရဲ့ ခံစစ်စွမ်းဆောင်ရည်နဲ့ အသင်းဖော်တွေကိုလည်း ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။  “ကျနော်တို့ ဒုတိယပိုင်းမှာ ပိုကောင်းသင့်ခဲ့ပြီး ပွဲကို ရပ်တန့်သင့်ခဲ့ပေမယ့် ဒါဟာကြီးမားတဲ့ နိုင်ပွဲတခုပါပဲ။ အခုလက်ရှိ ခြေစွမ်းနဲ့ဆို အသင်းတိုင်းကို အနိုင်ယူနိုင်တဲ့ အနေအထားမှာရှိနေပါတယ်။ ဒါပေမဲ့ အခုရာသီမှာတော့ ပုံစံကောင်းမှာ ရှိမနေခဲ့ပါဘူး။ ဝက်ဖို့ဒ်နဲ့ပွဲမှာ ကောင်းကောင်း မလုပ်နိုင်ခဲ့ပေမယ့် အခုဒီရလဒ်က ကျနော်တို့အတွက် အရေးပါသလို ကလင်းရှိ ရရှိခဲ့တဲ့အတွက်လည်း ဝမ်းသာမိပါတယ်” လို့ မက်ဂွဲယားက ပြောပါတယ်။ ဘန်လေပွဲရလဒ်ဟာ ယူနိုက်တက်အသင်းအတွက် အခုရာသီ တတိယမြောက် ကလင်းရှိ ပွဲဖြစ်ပြီးတော့ တဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အဆုံးသတ်ခါနီးမှာမှ ရက်ဖို့ဒ်က အချိန်ပိုမှာ တဂိုးသွင်း ယူပေးခဲ့တာ ဖြစ်ပါတယ်။  ဒီဂိုးဟာ ရက်ဖို့ဒ်အတွက် ဒီရာသီရဲ့ ၁၂ ဂိုးမြောက်သွင်းဂိုးဖြစ်ပြီးတော့ သူဟာလည်း ဂိုးသွင်း အများဆုံးစာရင်းမှာ ဆောက်သမ်တန်တိုက်စစ်မှူး ဒန်နီယယ်အင့်စ်၊ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းတို့နဲ့အတူ နံပါတ်နှစ်နေရာကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။‌ ရက်ဖို့ဒ်ဟာ အကောင်းဆုံးပုံစံမှာ ရှိနေပြီးတော့ ပွဲအပြီးမှာ ကစားဖော် အန်တိုနီယိုမာရှယ်ကိုလည်း ချီးကျူး ပြောဆိုခဲ့ပါသေးတယ်။  “မာရှယ်ကတော့ ဒီနေ့လည်း သူ့ရဲ့ပုံစံကောင်းကို ထပ်မံပြသလိုက်နိုင်ပါတယ်။ တိုက်စစ်မှူးတယောက်အနေနဲ့ ဂိုးသွင်းနိုင်တာလောက် ပိုကောင်းတဲ့အရာ မရှိပါဘူး။ သူဟာ သူ့ရဲ့ယုံကြည်မှုကို အမြင့်ဆုံးနေရာမှာ ဆက်ထိန်းနိုင်ပြီးတော့ ရာသီကုန်အထိ သွင်းဂိုးတွေ ယူဆောင်လာနိုင်မယ် မျှော်လင့်ပါတယ်။” ဒီရလဒ်ကြောင့် ယူနိုက်အသင်းဟာ ချဲလ်ဆီးအသင်းနဲ့ တစ်မှတ်အကွာ အဆင့် ၅ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ဥရောပပြိုင်ပွဲတွေ ဝင်ရောက်ခွင့်ရရေးအတွက်လည်း ပိုအားကောင်းလာခဲ့ပြီ ဖြစ်ပါတယ်။
2 years Ago
Up