အနယ်လ်ကာ

July 6, 2015

အိန္ဒိယကလပ် မွန်ဘိုင်းစီးတီး အနယ်လ်ကာကို ကစားသမား နည်းပြအဖြစ်ခေါ်

အိန္ဒိယစူပါလိဂ်ကလပ် မွန်ဘိုင်းစီးတီးအသင်းဟာ ပြင်သစ်လက်ရွေးစင်နဲ့ အာဆင်နယ် တိုက်စစ်မှူးဟောင်း အနယ်လ်ကာကို ကစားသမားနဲ့ နည်းပြအဖြစ် ခေါ်ယူလိုက်ပါတယ်။ အသက် ၃၆ နှစ်အရွယ် အနယ်လ်ကာဟာ ပြီးခဲ့တဲ့ အိန္ဒိယ စူပါလိဂ် ဘောလုံးရာသီတုန်းက နည်းပြ ပီတာ ရိတ်ရဲ့ လက်အောက်မှာ တိုက်စစ်မှူးအဖြစ် ကစားခဲ့ပါတယ်။ မွန်ဘိုင်းစီးတီးအသင်း ပူးတွဲပိုင်ရှင်နဲ့ ဘောလီးဝုဒ်စတား ရန်ဘီးကပူးလ် (Ranbir Kapoor) ကတော့ အနယ်လ်ကာက နည်းစနစ်ပိုင်းဆိုင်ရာ ဗဟုသုတ ကြွယ်ဝတဲ့အပြင် အသင်းကို လှုံ့ဆော်နိုင်တဲ့ စွမ်းဆောင်ရည်တွေ ရှိနေတယ်လို့  ပြောပါတယ်။ အနယ်လ်ကာဟာ ၂၀၁၂ တုန်းကလည်း တရုတ်ကလပ် ရှန်ဟိုင်း ရှန်ဟွာအသင်းမှာ ကစားသမားနဲ့ နည်းပြ တာဝန်ကို ပူးတွဲ ယူခဲ့ရပါတယ်။ မွန်ဘိုင်းစီးတီးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အိန္ဒိယ စူပါလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၇ နေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး အနယ်လ်ကာဟာ ကစားသမား သက်တမ်းအတွင်း အာဆင်နယ်၊ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ ချဲလ်ဆီး စတဲ့ အသင်းပေါင်း ၁၂ သင်းမှာ ကျင်လည်ခဲ့ဖူးပါတယ်။ သူဟာ ပြင်သစ် လက်ရွေးစင်အသင်းအတွက် ၆၉ ပွဲ ကစားပေးထားပြီး ၁၄ ဂိုး သွင်းပေးထားပါတယ်။
6 years Ago
Up