အနမ်း

August 15, 2015

တိုင်းစကွဲယား ရင်ပြင်က စုံတွဲများ၏ ပြိုင်တူအနမ်း (ရုပ်သံ)

ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်ကို အပြီးသတ် ချေမှုန်းခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် တချိန်က နာမည်ကြီး ဓာတ်ပုံကို အတုယူပြီး နယူးယော့ခ်မြို့က တိုင်းစကွဲယား ရင်ပြင်မှာ စုံတွဲပေါင်းများစွာဟာ သြဂုတ် ၁၄ ရက်နေ့က ပြိုင်တူ အနမ်းပေးခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ် ၇၀ သြဂုတ် ၁၄ ရက်နေ့က တိုင်းစကွဲယား ရင်ပြင်မှာပဲ  သင်္ဘောသားတယောက်က သူနာပြုတယောက်ကို နမ်းနေတဲ့ ဓာတ်ပုံ ("V-J Day in Times Square" ) ဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ အခုတော့ သူတို့ နှစ်ယောက် နမ်းခဲ့ကြတဲ့ နေရာမှာပဲ ဧရာမ ရုပ်ထုကြီးတခုလည်း  ထုလုပ်ထားပါတယ်။ သြဂုတ် ၁၄ ရက်နေ့က သက်ကြီး စုံတွဲတွေရော၊ လူငယ်စုံတွဲတွေပါ စစ်ပြီးဆုံးခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ဓာတ်ပုံဆရာ အဲဖရက် အိုင်စန် စတတ်က ရိုက်ကူးခဲ့တဲ့ သမိုင်းဝင် ဓာတ်ပုံအတိုင်း အနမ်းပေးခဲ့ကြပါတယ်။ စုံတွဲတွေထဲမှာ ဒုတိယ ကမ္ဘာစစ်က စစ်ပြန်စုံတွဲ ရေးနဲ့ အဲလီဝီလီယံတို့လည်း ပါဝင်ပါတယ်။ စစ်အတွင်းက သူတို့ စုံတွဲ ၁၉၄၅ မေလမှာ တွေ့၊  ဇွန်လမှာ စေ့စပ်ပြီး သြဂုတ်မှာ လက်ထပ်ခဲ့တယ်လို့ ပြန်ပြောပါတယ်။ စစ်အတွင်းမှာ ဘာမှ ကြိုတင် မခန့်မှန်းနိုင်တဲ့အတွက် အလျင်စလိုပဲ စီစဉ်ခဲ့ကြတယ်လို့ ပြောပါတယ်။ သမိုင်းထဲက ဓာတ်ပုံမှာ နမ်းနေကြတဲ့  စုံတွဲ နှစ်ယောက်ဟာ  ဘယ်သူဘယ်ဝါဆိုတာကတော့ အခုထိ မသိရပါဘူး။ ဓာတ်ပုံရိုက်ဖို့အတွက် တမင် ဆင်ထားတာလည်း ဖြစ်နိုင်တယ်လို့ တချို့က ဆိုကြပါတယ်။ စုံတွဲပေါင်းများစွာ အနမ်းပေးတဲ့ အစီအစဉ်ကိုတော့ အန်ဂျီအိုအဖွဲ့တဖွဲ့ဖြစ်တဲ့ "Keep the Spirit of '45 Alive" ၄၅ စိတ်ဓာတ် အဓွန့်ရှည်ပါစေ ဆိုတဲ့ အဖွဲ့က စီစဉ်တာဖြစ်ပါတယ်။
6 years Ago
Up