အနည်းဆုံး ၆ ဦးသေ

April 10, 2018

ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားသည့် ဆိုင်ကယ်တစီး ပေါက်ကွဲ၊ အနည်းဆုံး ၆ ဦးသေ

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်ပြည်နယ်မှာ ဧပြီ ၉ ရက်နေ့က ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ဆင်ထားတဲ့ မော်တော်ဆိုင်ကယ်တစီး ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ် ၄ ဦး အပါအဝင် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင်    ကလေးငယ်တွေ အပါအဝင် လူ ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ ပေါက်ကွဲမှုဟာ ရှင်းဒန်းခရိုင် ဗလီတခုအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဟီရတ်ပြည်နယ် အုပ်ချုပ်ရေးမှူးရုံး ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ ဟီရတ်ပြည်နယ်ဆေးရုံ အကြီးအကဲက “ဒီကနေ့ပေါက်ကွဲမှုကြောင့် ဆေးရုံကို လူနာ ၁၂ ဦး ရောက်လာခဲ့ပါတယ်။ ကံမကောင်းစွာဘဲ ၃ ဦးဟာ ရောက်ကတည်းက အသက်ပါမလာပါဘူး။ ဒဏ်ရာရသူ ၉ ဦးထဲမှာ ၃ ဦးဟာ အခြေအနေစိုးရိမ်ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကို အခုထိ ပြောကြားခြင်းမရှိဘူးလို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up