အနည်းဆုံးအခကြေးငွေ

August 31, 2015

အနည်းဆုံးအခကြေးငွေ ပြဋ္ဌာန်းနိုင်တော့ သပိတ်တွေ လျော့ကျသွားနိုင်တယ် - ဦးအောင်လင်း

အစိုးရက အနည်းဆုံးအခကြေးငွေ ကျပ် ၃,၆၀၀ သတ်မှတ်ကြောင်း သြဂုတ်လ ၂၈ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒီနှုန်းထားဟာ နေရာဒေသနဲ့ လုပ်ငန်းအမျိုးအစား မခွဲဘဲ စက်တင်ဘာ ၁ ရက်နေ့ကစလို့ ခံစားခွင့်ရကြမှာဖြစ်ပါတယ်။ ၂ နှစ်ကျော်ကြာ အချိန်ယူကြိုးပမ်းခဲ့ပြီးနောက် သတ်မှတ်ခဲ့တဲ့ ဒီနှုန်းထားဟာ လုပ်သား ၁၅ ဦးအောက် လုပ်ငန်းတွေနဲ့ မိသားစုတပိုင်တနိုင်လုပ်ငန်းတွေ အကျုံးမ၀င်ဘူးလို့ ဆိုပါတယ်။ ဒီသတ်မှတ်နှုန်းထားကို မပေးနိုင်တဲ့အတွက် စက်တင်ဘာလမှာ စက်ရုံပိတ်မယ်ဆိုတဲ့ အထည်ချုပ်လုပ်ငန်းတွေထံက တကယ်ပိတ်တော့မယ်ဆိုတဲ့အသံ မထွက်တော့ပဲ ပြေလည်မှု ရသွားတဲ့သဘော ရှိပါတယ်။ ဒီနှုန်းထားကြေညာချိန်ဟာ ဒေါ်လာဈေးမြင့်တက်မှုနဲ့အတူ ကုန်ဈေးနှုန်းကြီးမြင့်နေတာကြောင့် အလုပ်သမားတွေအတွက် သိပ်ထူးခြားမှုမရှိဘူးလို့ အလုပ်သမားအရေးဆောင်ရွက်သူ ဦးအောင်လင်းက ပြောပါတယ်။ (မှတ်ချက်။ ။ အနည်းဆုံးအခကြေးငွေမှာ မည်သည့်အလုပ်သမားဆို အနိမ့်ဆုံးအားဖြင့် ရှစ်နာရီအတွက် တရက်လုပ်ခကို ဆိုလိုသည်။ အခြေခံလစာမှာမူ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တွင် တာဝန်ကွဲပြားမှုအလိုက် စတင်ပေးအပ်သည့် လစာကို ဆိုလိုပြီး ကြိုးစားမှုအလိုက်၊ လုပ်သက် အလိုက်တိုးသွားမည်။ (ဥပမာ စက်ရုံလုပ်သား၊ အလုပ်ကြီးကြပ်သူ၊ မန်နေဂျာ စသဖြင့်။) မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းကို ဆက်သွယ် မေးမြန်းထားပါတယ်။ အနိမ့်ဆုံး အခကြေးငွေနှုန်းထားကို တရက် ၃၆၀၀ ကျပ်သတ်မှတ်လိုက်ပြီဆိုတော့ ဒီနှုန်းထား အပေါ်မှာ ကျေနပ်သံ၊ မကျေနပ်သံတွေနဲ့ပတ်သက်လို့ နောက်ဆက်တွဲအခြေအနေ သိပါရစေခင်ဗျ။ “လတ်တလောကတော့ ၃၆၀၀ ကိုလည်းပဲ လုပ်ငန်းရှင်တွေဘက်က ပထမတုန်းက ကွန်ပလိန်း လုပ်နေတာတွေ လျော့ကျသွားတဲ့အတွက် ၃၆၀၀ အတည်ဖြစ်လာတယ်။ အလုပ်သမားတွေ ဘက်ကလည်းပဲ ဒီ ၃၆၀၀ ကို ကြိုဆိုလိုက်တဲ့အလုပ်သမားတွေရှိသလို ဒီ ၃၆၀၀ နဲ့ပတ်သက်ပြီးတော့လည်း လုံလောက်မှုမရှိဘူးဆိုတဲ့ အသံဗလံတွေလည်း ထွက်လာတာပေါ့ ဆရာရယ်။ ကျနော်တို့အမြင်အရတော့ ဒီ ၃၆၀၀ က အနိမ့်ဆုံးပေါ့နော် လူမှုဘ၀ကုန်ကျစရိတ်ကို ကာဗာဖြစ်နိုင်တဲ့အခြေအနေမျိုးကိုတော့ မရောက်သေးပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီရက်ပိုင်းထဲမှာပဲ ဒေါ်လာဈေးက ၁၂၇၀ အထိကို ဗဟိုဘဏ်က မြှင့်လိုက်တဲ့ အတွက်ကြောင့်မို့လို့ ကုန်ဈေးနှုန်းတွေ ၂၀ ရာခိုင်နှုန်းလောက် တက်လာတယ်။ တက်လာတော့ အလုပ်သမားတွေက ပိုပြီးတော့ ၀န်ပိတယ်ပေါ့ဆရာရယ်။ ဆိုတော့ ကျနော်တို့ပြောချင်တာက ၃၆၀၀ နဂိုက မရသေးဘဲနဲ့ ၂၀၀ ကျော်ကျော်လောက်နဲ့ အလုပ်လုပ်နေရတဲ့ အလုပ်သမားတွေ အတွက်ကတော့ ဥပဒေအရ ကာဗာဖြစ်သွားပြီဆရာရဲ့ ၃၆၀၀ သတ်မှတ်လိုက်တော့လေ။ သို့သော်လည်းပဲ ပေးကားပေး၏ မရဆိုတဲ့အခြေအနေမျိုး ရောက်သွားတာပေါ့နော်။ အဲသလိုမျိုးဖြစ်တယ်။ အရင်တုန်းက တဒေါ်လာကို ကျပ် ၁ ထောင်ကျော်ကျော်လောက်တုန်းက အလုပ်သမားတွေ တောင်းဆိုတာက ခြောက်ထောင်၊ ခုနှစ်ထောင် ရဖို့။ အခု တဒေါ်လာ ၁၂၇၀ ကျပ်ထိအောင် ဒေါ်လာဈေးပေါက်တယ်ဆိုတော့ အလုပ်ရှင်တွေဘက်က ကျေနပ်နေပုံရတယ်နော်။ “ဟုတ်တယ်၊ ဟုတ်တယ်ဆိုတာက ပထမပိုင်းမှာက ကျနော်တို့ ၂၅၀၀ ထိပဲပေးနိုင်မယ်။ ၃၆၀၀ ဆိုရင် စက်ရုံပိတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေလေ။ အခုဒီရက်ပိုင်းမှာတော့ ၃၆၀၀ ကို အသံတိတ်သွားကြတယ်ပေါ့။ ဒေါ်လာဈေး မြင့်တက်လာတဲ့အတွက်ကြောင့်မို့လို့ သူတို့ လုပ်သာကိုင်သာရှိတယ်ဆိုတဲ့ အနေအထားမျိုး ရောက်သွားလို့ ဒီအသံ ငြိမ်သွားတယ်ပေါ့နော်။ ဒါဆိုရင် ဒီဟာကို ဒေါ်လာဈေးပြန်မကျသွားအောင် ဒီထုတ်ကုန်သွင်းကုန် အနေအထားတခုမှာ ဆက်ပြီး ထိန်းညှိထားမယ်ဆိုရင်တော့ လုပ်ငန်းရှင်တွေဘက်က အသာစီးရသွားတယ်လို့ ပြောလို့ရမယ်။ အလုပ်သမားတွေအတွက်ကတော့ နစ်နာတယ်လို့ ပြောရမှာပဲ ဒီအခြေအနေအရ ဒါ တချက်ရှိမယ်။ ဒီဘက်ကအပိုင်းက ပြည်ထောင်စုဝန်ကြီးအဆင့်အထိ ၃၆၀၀ ကို ထပ်ဆောင်းပေးဖို့ရန် အချက်တွေပေါ့နော်။ သယ်ယူပို့ဆောင်ရေး စရိတ်ပေါ့။ နောက်တခုက လုပ်ငန်းခွင်မပျက် ပညာသင်ကြားရေးတို့၊ တတိယအချက်ကတော့ နှစ်စဉ် နှစ်တိုးကြေးပေါ့နော် ဧပြီဘတ်ဂျက်လတိုင်းမှာ။ စတုတ္ထအချက်ကတော့ နေထိုင်မှုနဲ့ပတ်သက်တဲ့ ၀န်ထမ်းအိမ်ရာစနစ် တွေ အကောင်အထည်ဖော်ပေးဖို့ ပေါ့နော်။ ဒါတွေက ပြည်ထောင်စုအစိုးရ သဘောတူညီချက်နဲ့ ထွက်လာတဲ့အခါမှာ အဲဒါတွေ ပြုတ်ကျန်ခဲ့တယ်ဗျာ။ စိတ်မကောင်းစရာပါ။ တကယ်လို့များ ဒီ ၃၆၀၀ အပေါ်မှာ ဒီလိုမျိုးထပ်ဆောင်းပံ့ပိုးမှုတွေအားကောင်းတယ်ဆိုလို့ရှိရင် အလုပ်သမားက ၃၆၀၀ ကို ဘယ်ငြင်းပါ့မလဲ။ အဲဒါမျိုးပေါ့။ တချို့တွေကျတော့လည်း အဲလိုမျိုးတွေရှိတယ်။ နောက်တချက်က ၃၆၀၀ အနည်းဆုံးအခကြေးငွေဥပဒေမှာ ၃၆၀၀ ခံစားခွင့်မရှိတဲ့ အလုပ်သမား ၂ ပိုင်းရှိတယ်ဆရာ။ အလုပ်သင်လုပ်သားပေါ့။ အလုပ်သင်လုပ်သားက အလုပ်သင်လုပ်သား ၃ လ ကာလမှာ သူက ၅၀ ရာခိုင်နှုန်းပဲရမယ်ဆရာ (၁၈၀၀ ကျပ်)။ နောက် အိပ်စတန်းရှင်း နောက်ထပ် ၃ လက အစမ်းခန့်ဝန်ထမ်းပေါ့။ အစမ်းခန့်ဝန်ထမ်းဆို သူက ၇၅ ရာခိုင်နှုန်း (၂၇၀၀ ကျပ်)။ ဆိုတော့ သူတို့က ၃၆၀၀ မရနိုင်သေးတဲ့ အလုပ်သမားပေါ့။ အဲဒီမှာ အလုပ်ရှင်က ၃၆၀၀ ပေးရတော့မယ်။ ပါမစ်နစ် (အမြဲတမ်း) ခန့်ရတော့မယ်ဆိုတဲ့အခါမှာ သူ့အရည်အသွေးကို မကြိုက်ရင် ဖြုတ်ပစ်မယ်လေ။ ဖြုတ်ပစ်ရင် သူက ဒီလျော်ကြေးဥပဒေကို ပြင်ဆင်လိုက်တဲ့အခါမှာ ခြောက်လကနေ ၁ နှစ်အတွင်းဆိုရင် နှစ်ပတ်၊ ၁၅ ရက်စာပဲ လျော်ကြေးပေးရမှာ၊ အဲဒီတော့ ပေါ့ပေါ့ပါးပါးလေးပဲ ၁၅ ရက်စာ လျော်ကြေးပေးပြီးတော့ သူ့ကို ရှင်းထုတ်ပစ်လိုက်လို့ရတယ်။ အဲဒီတော့ အလုပ်သင်လုပ်သားဘ၀မှာ သံသရာ လည်လာနိုင်တဲ့ အလားအလာမျိုးလည်း မြင်ရတယ်။ အဲဒီတော့ အလုပ်သမားကိုတော့ အားကုန်အလုပ်လုပ်အောင်တော့ ဒါက တွန်းအားပေးတဲ့ အနေအထားလို့မြင်တယ်ပေါ့ ဒီနှစ်ချက်ကလေ။ ” အလုပ်သမားတွေအတွက် သယ်ယူပို့ဆောင်ရေး၊ နေရေးထိုင်ရေး၊ စားရေးသောက်ရေး၊ လျှပ်စစ်မီးရရှိရေးတွေနဲ့ပတ်သက်လို့ ဘာတွေ ခံစားခွင့်ရှိမလဲ။ “စိုးရိမ်မှုတွေရှိတယ်ဆရာ၊ စိုးရိမ်မှုတွေရှိတယ်ဆိုတာ မူလ ၃၆၀၀ လစာမသတ်မှတ်ခင်မှာ လစာပေးတဲ့အခါမှာ တိုင်ထောင်တယ်ခေါ်တာပေါ့။ လိုင်းတွေအမျိုးမျိုးခွဲပြီးတော့ ပေးထားတဲ့ စနစ်ပေါ့။ အဲဒီစနစ်မှာ ၃၆၀၀ ကို အခြေခံလစာသတ်မှတ်ပေးရမယ်ဆိုရင် ဒီတိုင်တွေကို ဖြုတ်ပစ်မှာလေ။ ဖြုတ်ပစ်မယ်ဆို သယ်ယူပို့ဆောင်စရိတ်တို့ တခြားပေးထားတဲ့တိုင်တွေ တော်တော်များများပြုတ်သွားနိုင်တယ်။ ပြုတ်သွားလို့ရှိရင် အလုပ်သမားဘက်က ၀န်ပိမှာဆရာ။ ၀န်ပိမယ်ဆိုတာ ကျနော်တို့ဒီမှာ မထသ ကနေပြီးတော့ ယာဉ်စီးခတွေကို မြှင့်တော့မှာလေဆရာ၊ မြှင့်တော့မယ်ဆိုတာက မိုင်အလိုက်ကို သတ်မှတ်မယ်ဆိုရင် မူလရှိပြီးသား ကားခထက် နှစ်ဆလောက်တက်သွားနိုင်တယ်။ အဲဒီတော့ အလုပ်သွား၊ အလုပ်ပြန် ဥပမာ-တဆင့်တည်း သွားရတဲ့အလုပ်သမားဆိုရင် အသွား ၂၀၀၊ အပြန် ၂၀၀၊ ကားခ ၄၀၀ ကုန်မယ်။ နှစ်ဆင့်သွားရတဲ့ အလုပ်သမားဆိုရင် ကားခ ၈၀၀ သုံးနေရတဲ့ အလုပ်သမားပေါ့နော်။ လက်ရှိအချိန်မှာကို သူ ဒီလောက်အထိ ကားခအကုန်ခံပြီးသွားနရတယ်ဆရာရေ။ တကယ်လို့များ ကားခတွေ ပြင်ဆင်ပြောင်းလဲလိုက်ပြီဆိုရင် နှစ်ဆလောက်တက်တယ်ဆိုရင် သူ တနေ့ကို ၁ ထောင်နဲ့အထက် ခရီးစရိတ်ပြန်သုံးရမယ်ဆိုရင် ၃၆၀၀ ရသည်ပဲထား။ ရတဲ့လစာရဲ့ သုံးပုံတပုံလောက်က ကားခနဲ့တင် ပြန်ကုန်သွားနိုင်တဲ့ပြသနာလေဆရာ။ အဲဒါကတချက်။ နောက်တချက်က အိုဗာတိုင် (အချိန်ပို) မခိုင်းတော့မယ့်ပြဿ နာ ဆရာ။ ၃၆၀၀ (အလုပ်ချိန်ရှစ်နာရီ) ဆိုတော့ နာရီကြေး ၄၅၀ ဆရာရယ်။ နာရီကြေး ၄၅၀ ဆိုတော့ အိုဗာတိုင်ဆို တနာရီ ၉၀၀။ အဲဒီတော့ အိုဗာတိုင် ၂ နာရီခိုင်းမယ်ဆိုရင် အိုဗာတိုင်ကြေး ၁၈၀၀ ပေးပြီး လုပ်ငန်းရှင်တွေက မခိုင်းချင်ကြဘူး။ အဲတော့ သူတို့ မပေးနိုင်ကြဘူးပေါ့နော်။ အဲဒီတော့ အလုပ်သမားတွေက အိုဗာတိုင်ကနေ အပိုဝင်ငွေရနိုင်မယ့်လမ်းလည်းပဲ နောက်ဆုတ်သွားနိုင်တယ်။ ဘာကြောင့်ကျနော်ပြောရလဲဆိုရင် အခု လုပ်ငန်းရှင်တွေက အသံမြည်လာပြီ။ သူတို့ကို အိုဗာတိုင်ကြေးကို နိုင်ငံတကာစံနှုန်းနဲ့အညီ တစ်ဆခွဲ ပြင်ဆင်သတ်မှတ်ပေးဖို့ပေါ့နော် အလုပ်ရှင်တွေ တောင်းဆိုလာပြီ။ တောင်းဆိုလာတော့ ဒီဟာက ဥပဒေပြင်ရမယ်။ အရင် ၅၁ ခုနှစ်နောက်ပိုင်းမှာကို လက်ရှိ တရားဝင်နေတာက ၂ ဆပဲဆရာ အိုဗာတိုင်ကြေးကလေ။ အဲဒါကို ပြင်ပေးရမယ်ဆိုလို့ရှိရင် အဲဒီအိုဗာတိုင်ကြေး ပြင်ဆင်ပေးရမယ်ဆိုတဲ့အသံအပေါ်မှာလည်းပဲ အလုပ်သမားတွေ လက်ခံနိုင်ခြင်းမရှိပါဘူး။ သူတို့က ၂ ဆပဲ လိုချင်တယ်ပေါ့နော်။ အလုပ်သမားတွေဘက်က ကွန်ပလိန်းကလည်းပဲ ‘ဟာ - ခင်ဗျားတို့ပေးထားတဲ့လစာက နိုင်ငံတကာစံနှုန်းနဲ့မှမညီဘဲ၊ ကျနော်တို့ အိုဗာတိုင်ကြေး ၁ ဆခွဲ လျော့မပေးနိုင်ဘူး’ ဆိုတာမျိုးတွေပေါ့နော် ဒီမှာ အပြန်အလှန်ကွန်ပလိန်းတွေ ဒီရက်ထဲမှာ တော်တော်လေး တက်လာကြပါတယ်။ အလုပ်သမားတွေအတွက် လူမှုဖူလုံရေးဌာနဘက်က မြေနေရာတွေ အကွက်ရိုက်ပြီးတော့ တိုက်တန်းလျားတွေ စီစဉ်မှုရှိတယ်မဟုတ်လား။ “ရှိတယ်ဆရာ၊ အဲဒါကတော့ ကောင်းပါတယ်။ ကောင်းတယ်ဆိုတာ ၀န်ထမ်းအိမ်ရာစနစ်ပေါ့နော် အကောင်အထည်ဖော်ဖို့ စီမံကိန်းတွေစဖို့ အလားအလာအများကြီးကောင်းသွားပါပြီ။ ဆွေးနွေးလည်း ဆွေးနွေးနေပြီ။ အကောင်အထည်ပေါ်လာဖို့လည်း ရှိနေပါပြီ။ ဒါပေမယ့် ကာလအကန့်အသတ်တခုထိ ကျနော်တို့ သွားရလိမ့်ဦးမယ်။ ဒီမှာ လူမှုဖူလုံရေး ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းပေါ့နော်။ ဒါ သူ အနားယူသွားပြီပေါ့နော်၊ သူမနားခင်မှာ ကျနော် ဆွေးနွေးကြည့်တော့ အရမ်းကောင်းတဲ့ အစီအမံတွေပါ။ ဥပမာ- အနှစ် ၂၀ တို့၊ အနှစ် ၃၀ တို့ပေါ့။ ဒီလိုစီမံကိန်းတွေနဲ့ သူတို့သွားမယ်။ သွားပြီးတော့ ၀န်ထမ်းကို အိမ်အငှားတင် ထားမယ်ပေါ့နော်။ တင်ထားပြီးတော့ အိမ်ငှားခဟာ၊ သူက မြေတန်ဖိုးမသတ်မှတ်ဘူးဆရာ ဒါတွေ ဆောက်ဖြစ်ခဲ့ရင်လေ။ အဆောက်အဦဖိုးပဲ သတ်မှတ်မယ်ဆိုတဲ့အတွက် စရိတ်စက နည်းမယ်၊ မြေကိုတော့ နိုင်ငံတော်က ကျခံမယ်ဆိုတဲ့သဘောပေါ့နော်ဆရာ။ ဒီအဆောက်အဦ တန်ဖိုးရဲ့ တ၀က် အိမ်လခ သွင်းပြီးရင် သူက ကျန်တဲ့တ၀က်ကို ထပ်သွင်းနိုင်တဲ့အခြေအနေရှိရင် ၀န်ထမ်းအိမ်ပိုင်ပြီဆိုတဲ့ အဆင့်မျိုးအထိကို သူတို့ စီမံကိန်း ရေးဆွဲငှားတာရှိပါတယ်။ ကောင်းပါတယ်။ သို့သော်လည်းပဲ ဒီဟာက ရုတ်တရက် အကောင်အထည်ပေါ်လာဖို့ မလွယ်ဘူးလေ။ ကာလအကန့်အသတ်တခုထိ သွားရဦးမယ်ဆိုတော့ ဒီကြားထဲမှာ အလုပ်သမားတွေရဲ့ အခက်အခဲကတော့ တော်တော်မွန်းကျပ်ဦးမယ်လို့ပဲ တွက်လို့ရပါတယ်။ အနည်းဆုံးအခကြေးငွေ ၃၆၀၀ ကျပ်ကို ဒေါ်လာနဲ့တွက်ချက်ပြီး သတ်မှတ်ရင် မကောင်းဘူးလား။ အလုပ်သမားနဲ့ အလုပ်ရှင် အသာ၊ အနာ နည်းကြအောင်လို့လေ။ ”ဒီလိုဆရာရေ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီဟာက ဒေါ်လာဈေးကြောင့် ဖြစ်သွားတာမျိုးတော့ မဟုတ်ဘူး။ အနိမ့်ဆုံးအခကြေးငွေ သတ်မှတ်ရေးကို ၂ နှစ်လောက် ဆောင်ရွက်တဲ့အခါမှာ အနည်းဆုံအခကြေးငွေမသတ်မှတ်ခင် ခြောက်လလောက်အလိုမှာ ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်နဲ့ ကျနော်တို့ အကြိမ်ကြိမ်ဆွေးနွေးပါတယ်။ ဘယ်လို အကြမ်းဖျဉ်းသတ်မှတ်မလဲပေါ့နော်။ အမျိုးသားကော်မတီရဲ့ဆွေးနွေးမှုက သပ်သပ်ပေါ့။ ကျနော်တို့ရဲ့အကြံပြုချက်တွေ ၀န်ကြီးနားထောင်ပါတယ်။ နားထောင်တဲ့အခါမှာ နာရီကြေးကို စဆွေးနွေးတော့ နာရီကြေးကို ကျနော် ၅၀၀ အထိ ဆွဲတင်ခဲ့တယ်ဆရာ။ အလုပ်ချိန် ၈ နာရီဆိုတော့ ၄၀၀၀ ပေါ့။ နောက်ဆုံး နာရီကြေး ၄၅၀ မှာ တန့်သွားတယ်ပေါ့။ အမျိုးသားကော်မတီကလည်း ကျနော်တို့ ခန့်မှန်းတဲ့အတိုင်းပဲ ၃၆၀၀ ထွက်လာတယ်ပေါ့နော်။ နာရီကြေး ၄၅၀ မှာ ရပ်တန့်သွားတယ်။ ဆိုတော့ အဲဒီကာလမတိုင်ခင်မှာ ဒေါ်လာက ၁၂၆၀ မရောက်သေးဘူးဆရာ။ အဲဒီမတိုင်ခင် ၂ လ ကျော်ကျော်လောက် ၃ လ နီးပါးဝန်းကျင်မှာ။ တဒေါ်လာ ၁၀၃၀ လောက်ပဲ ရှိသေးတယ်။ အဲဒီအချိန်မှာ ၃၆၀၀ ဖြစ်တာ။ အမျိုးသားကော်မတီရဲ့ အဆိုပြုချက်နှုန်းထား အတည်ဖြစ်သွားတာ။ ဖြစ်ပြီးမှ ဒေါ်လာဈေးက မြင့်တက်သွားတဲ့အတွက် လုပ်ငန်းရှင်တွေ လက်ခမောင်းခပ်တာပေါ့။ ပထမ မပေးနိုင်ဘူးဆိုတဲ့ အနေအထားကနေ ပေးနိုင်ပြီအနေထားရောက်တယ်။ အလုပ်သမားကတော့ ဂွမ်းတာပေါ့ဆရာရယ် အရပ်စကား ပြောရရင်။ ” ကနဦးပိုင်းက အနည်းဆုံးအခကြေးငွေ ၃၆၀၀ ဆိုရင် စက်ရုံပိတ်မယ်လို့ဆိုတဲ့ ကိုရီးယားတို့၊ တရုတ်တို့ စက်ရုံလုပ်ငန်းရှင်တွေက ထွက်မယ့်အနေအထားရှိလား။ သူတို့ အခြေအနေကရော။ “တကယ်တမ်းပြောရရင် ကျနော်တို့နိုင်ငံမှာ အရေးယူမှုအရမ်းအားနည်းလို့ ဖြစ်ရတဲ့ပြဿ နာပါ။ ဒီမှာ ထိုင်ဝမ်တရုတ်တွေ၊ အစရှိသဖြင့်ပေါ့ ကိုရီးယားတွေ လာရင်းနှီးမြှုပ်နှံတော့ အမ်အိုင်စီ (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်) မှာ သူတို့တင်ထားတဲ့ ပရိုပိုဆယ် (အဆိုပြုမှု) တွေက ၉၅ (ဒေါ်လာ) တို့၊ ၁၀၀ (ဒေါ်လာ) တို့နဲ့ ပရိုပိုဆယ်တင်ထားတာဆရာ။ အလုပ်သမားတွေ လစာပေးပါမယ်ဆိုပြီး။ တကယ်တမ်းခိုင်းတော့ အခြေခံလစာက တသောင်းခွဲတို့ နှစ်သောင်းတို့နဲ့ လည်ပင်းညှစ်ပြီးခိုင်းခဲ့တာ နှစ်ကိုပေါက်ရောဆရာ။ တချို့စက်ရုံတွေ ၄၊ ၅၊ ၆ နှစ်ရှိသွားပြီ။ ဒါကို အမ်အိုင်စီမှာ သူတို့တင်ထားခဲ့တဲ့ ပရိုပိုဆယ်နဲ့ တကယ်ပေးနေတာတွေနဲ့ ကွဲလွဲပြီးတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ဒီမှာ အလုပ်သမားတွေကို ဂုတ်သွေးစုပ်ပြီး ထင်သလို လုပ်ခဲ့တဲ့ကိစ္စကို ပြည်ထောင်စုအစိုးရက လစ်လျူရှုခဲ့တာဆရာ။ အဲဒီတော့ ဒါကြီး လစ်လျူရှုခဲ့ပြီးတော့ ၃၆၀၀ သတ်မှတ်တော့မယ်ဆိုမှ မပေးနိုင်ပါဘူးဆိုပြီး ပြဿ နာတွေ ရှာကြတော့ ကျနော်တို့က ပြောင်ဘဲပြောတော့တာ။ အဲဒီအချိန်မှာ ဒါကြောင့် ဒီလိုဖြစ်ခဲ့တဲ့ကိစ္စတွေ ဘာကြောင့် အရေးမယူသလဲဆိုတဲ့ဟာကို ကျနော်တို့ အသံထုတ်လိုက်တော့မှ ၃၆၀၀ ကို အလုပ်ရှင်တွေ လက်ခံသွားတဲ့အခြေအနေရောက်သွားတာ။ လာမယ့်ရက်ပိုင်းတွေအတွင်းမှာ အသံဗလံ ကြားရမယ့်အခြေအနေတွေများ ကြားမိသလား။ “မှန်တယ် ဆရာ မှန်တယ်။ ဘာကြောင့်လည်းဆိုတော့ ဒီမှာ အလုပ်ရပ်စဲခံရမယ့် ကလေးတွေ ရှိတယ်ဆရာ။ ဥပမာ-အထည်ချုပ်ရုံတွေဆိုရင် စီ အုပ်စုတွေကို သူတို့ ရှင်းထုတ်ပစ်လိုက် လိမ့်မယ်ဆရာရယ်။ ၃၆၀၀ ကို သူတို့ Productivity (ကုန်ထုတ်စွမ်းအား) မပေးနိုင်ဘူး ဆိုပြီးတော့ အလုပ်ရပ်စဲခံရမယ့်ပြဿ နာတွေ ရှိတယ်။ အခုတောင် လှိုင်သာယာစက်မှုဇုန် ၂ က စက်ရုံက အလုပ်သမား ၁၂၀ လောက် အလုပ်ရပ်စဲလိုက်ပြီ။ အဲဒါကို ဘယ်လို အရေးယူ ကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်နေပါတယ်။ ” အနည်းဆုံးအခကြေးငွေက ရှစ်နာရီ တရက်လုပ်အားခ ၃၆၀၀ ကျပ် ဆိုတော့ ကျွမ်းကျင်အဆင့် (၁)၊ (၂) တို့ စသဖြင့်တို့ဆိုရင်တော့ ဒီထက်ပိုများများ များသွားမှာပေါ့နော်။ ဟုတ်တယ် မဟုတ်လား။ “နဂို ၃၆၀၀ ထက် ကျော်ပြီးသားလူတွေကတော့ သူတို့ရပြီးသားလစာကို ပြန်လျှော့လို့ မရတော့ဘူး။ အခုမေးခွန်း အရမ်းကောင်းတယ်။ ကျွမ်းကျင်လုပ်သားတွေကလည်းပဲ အောက်က ၂၅၀၀ ရတဲ့သူ ၃၆၀၀ ရမယ်ဆရာရယ်။ ရမယ်ဆိုတော့ နဂို ၃၅၀၀ အစရှိသဖြင့်ပေါ့ ၄၀၀၀၊ ၅၀၀၀ ရနေတဲ့လူတွေကလည်း လစာတက်ချင်ပြီပေါ့ သူတို့ကျွမ်းကျင်ကြေး။ အောက်ကလူ တက်ပြီးတော့ သူတို့ မတက်ဘူးဆိုလို့ရှိရင် အခုမှ အလုပ်ဝင်၊ လုပ်သက် ၂ နှစ်လောက်လူနဲ့ လုပ်သက် ၁၀ နှစ်လောက်လူနဲ့ လစာအတူတူပဲဆိုရင် သူတို့လည်း မခံနိုင်ကြဘူးလေ။ တနေ့က တောင်ဒဂုံကအလုပ်သမားတွေနဲ့ ဆွေးနွေးတော့ အလုပ်သမားတွေရဲ့ ပေါက်ကွဲသံစဉ်တွေ ထွက်လာတယ်။ တော်တော်လေးတော့ dispute (အငြင်းပွားမှု) တွေဖြစ်လာမယ်လို့ ထင်ပါတယ်။” အနိမ့်ဆုံးအခကြေးငွေကတော့ ၃၆၀၀ သတ်မှတ်လိုက်ပြီ။ ဒီသတ်မှတ်ချက်ရဲ့ လားရာက ဘယ်ကိုသွားနေလဲ။ ကောင်းကွက်၊ အားနည်းချက်တွေ ခြုံငုံပြောပြပါ။ “ကောင်းကွက်ကတော့ ကျနော်တို့ ၁၉၅၄ ခုနှစ် ဆေးလိပ်ခုံများ အနည်းဆုံးအခကြေးငွေ ဥပဒေရှိတယ်ဆရာရယ်။ အဲဒီတုန်းကတော့ ဆေးလိပ်ခုံတွေအတွက်ပဲ ပေးခဲ့တာလေ။ တနိုင်ငံလုံး လုပ်ငန်းမပါဘူး။ အခုဟာ တနိုင်ငံလုံး လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ အားလုံးကို သတ်မှတ်လိုက်တဲ့အတွက် ကျနော်တို့ ကြိုဆိုတယ်။ ဒါ ကောင်းတယ်။ အခြေခံတခု ရသွားပြီပေါ့။ သို့သော်လည်းပဲ ငွေကြေးမတည်ငြိမ်မှုအပေါ်မှာ အလုပ်သမားတွေ ခံစားခွင့်မရတဲ့ အချက်ကတော့ ကာလ၊ ဒေသအပေါ်မှာ မူတည်ပြီး အလုပ်သမားတွေ ခံစားခွင့်မရတာ။ ဥပဒေပါ အခွင့်အရေးကို အပြည့်အ၀ခံစားခွင့်မရတာ ဒီနှစ်ချက်ရှိမယ်။ နောက် တတိယအချက်ကတော့ အရင်တုန်းက လုပ်ခလစာတိုးပေးဖို့တောင်းဆိုတဲ့ သပိတ်တိုက်ပွဲတွေကြောင့်မို့လို့၊ ၂ နှစ်နီးပါး ၂၀၁၃၊ ၂၀၁၄။ တော်တော်များများလည်း အရေးယူခံရ၊ ဖမ်းခံရတာရှိတယ်။ အဲဒီအန္တရာယ်က ကျနော်တို့ ရှောင်သွားနိုင်ပြီ။ ဘာကြောင့်လည်းဆိုတော့ ဥပဒေအရ အခြေခံအခွင့်အရေးရတဲ့ အတွက် စေ့စပ်ညှိနှိုင်းမှုလုပ်လို့ရတဲ့ လမ်းကြောင်းပေါ်ရောက်သွားတယ်ပေါ့ ဆရာရယ်။ အဲဒီအနေအထားရောက်သွားတယ်၊ သပိတ်တွေတော့ လျော့ကျသွားနိုင်တယ်။”
6 years Ago

July 30, 2015

အလုပ်ရှင်တွေက အနည်းဆုံးအခကြေးငွေ ၃၆၀၀ ကို သဘောတူကြပါပြီ - ဦးအောင်လင်း

အနည်းဆုံးအခကြေးငွေနှုန်းထား ၃၆၀၀ ကျပ် သတ်မှတ်ရေးကို အစိုးရဘက်က တာဝန်ရှိသူတွေက ရန်ကုန်တိုင်းအတွင်းက အထည်ချုပ်စက်ရုံတွေကို ကွင်းဆင်းညှိနှိုင်းရာမှာ အထည်ချုပ်စက်ရုံတွေဘက်က ကနဦးပိုင်းကလို ကန့်ကွက်ခြင်း မပြုတော့ဘဲ အစိုးရဘက်က ထောက်ပံ့ပေးဖို့ လိုအပ်တဲ့ အချက်အလက်တွေကို တင်ပြခဲ့ကြတယ်လို့ ကွင်းဆင်းရာမှာ ပါဝင်တဲ့ လူမှုဖူလုံရေးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က ဒီဗွီဘီကို ပြောပါတယ်။ အလုပ်သမားတွေဘက်က အဆိုပြုနှုန်းထား ၃၆၀၀ ကျပ်ဟာ နည်းပါးတာကြောင့် ၄၀၀၀ ကျပ် သတ်မှတ်ပေးဖို့ တောင်းဆိုထားကြတာပါ။ အနည်းဆုံးအခကြေးငွေနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေကို မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ နိုင်ငံတ၀န်းက အလုပ်သမားတွေအတွက် အနည်းဆုံးအခကြေးငွေကို ၁ ရက် ကျပ် ၃၆၀၀ သတ်မှတ်ရေးကိစ္စဟာ အရင်ကထက်စာရင် ရှေ့နည်းနည်းတိုးပြီး နီးစပ်လာနေပြီလို့ ကြားသိရပါတယ်။ အဲဒီအခြေအနေကို ပြောပြပါ။ “တနေ့က လှိုင်သာယာမြို့နယ် (ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်) မှာ အလုပ်သမား ဒု-၀န်ကြီး ဒေါ်ဝင်းမော်ထွန်း ပါဝင်တဲ့အဖွဲ့တွေနဲ့ သူတို့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ကြတယ်လို့ ကျနော်တို့ သိရပါတယ်။ သိရတဲ့အခြေအနေအရတော့ ဒုတိယ၀န်ကြီးရဲ့ ပြောစကားအရပေါ့နော်။ ဒီ ‘၃၆၀၀ ကို ကန့်ကွက်တဲ့ ဒီအလုပ်ရှင်တွေပေါ့နော် မရှိပါဘူး’ တဲ့။ ဆိုတော့ ၃၆၀၀ ကို လက်ခံတဲ့ အခြေအနေတခုထိတော့ ရောက်ပြီပေါ့ ဆရာရယ်။ အလားအလာကောင်းတခုတော့ ရောက်သွားပါပြီ။” ဒေါ်ဝင်းမော်ထွန်းက press ပေးတာလား။ ဘယ်လိုမျိုးလဲခင်ဗျာ။ “ကျနော်တို့ ဖုန်းအဆက်အသွယ်လေးတွေ ရှိပါတယ်။ ကျနော် ၀န်ကြီးကို မေးမြန်းကြည့်တဲ့အခါကျတော့ အခြေအနေ ကောင်းသွားပါပြီတဲ့။ ကျနော်တို့ တချက်ပဲပေါ့နော်။ နောက်ထပ် အလုပ်ရုံဆွေးနွေးပွဲလေးတွေ နောက်ထပ်အနည်းငယ် ညှိလိုက်ရင်တော့ ဒီအလုပ်သမားတွေ အတွက်ကတော့ ၃၆၀၀ က အိုကေသလောက် ဖြစ်သွားပါပြီ။” အလုပ်ရှင်ဘက်က အိုကေတယ်ဆိုပေမယ့် ကျပ် ၄၀၀၀ ရရှိရေးတောင်းဆိုမှု မအိုကေကြသေးတဲ့ အလုပ်သမားတွေဘက်က သဘောထားကရော ခင်ဗျား။ သူတို့ကရော ၄၀၀၀ ပဲလား၊ ၃၆၀၀ နဲ့ ကျေနပ်ကြလား။ “ဟုတ်ကဲ့။ ဒီမှာတော့ ရေရှည်သွားရမယ့်ဥစ္စာတွေပေါ့နော်။ ကျနော်တို့လည်းပဲ ပထမတောင်းတဲ့ ဒီ ၄၀၀၀ ပေါ့နော်။ ၄၀၀၀ ကနေပြီးတော့ ၃၆၀၀ ကို အခြေခံမူအားဖြင့် ကျနော်တို့ လက်ခံပါတယ်။ ဒီမှာ ကျနော်တို့ ပေါင်းစပ်ပေးရမယ့် အချက် ၄ ချက်ကို ထည့်သွင်းပေးဖို့ပေါ့နော်။ ဒီမှာ သမ္မတအကြံပေး ဒေါက်တာဇော်ဦးတို့နဲ့လည်း ကျနော်တို့ ရှေ့ပိုင်းမှာ ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ ဒါကို သမ္မတကြီးကို တင်ပြပေးဖို့ပေါ့နော်။ အဲဒီတော့ နောက်ထပ် ပေါင်းစပ်ပေးရမယ့်ဟာက နှစ်စဉ် ဧပြီ ဘတ်ဂျက်လတိုင်းမှာ နှစ်တိုးကြေး ၁ သောင်း ပေါင်းစပ်ပါဝင်ပေးဖို့က ပထမအချက်၊ ဒုတိယအချက်ကတော့ ဖယ်ရီသုံးဖို့ (transport Charges) သွားလာစရိတ် စီစဉ်ပေးဖို့က ဒုတိယအချက် ဖြစ်ပါတယ်။ တတိယအချက်ကတော့ ကျနော်တို့ ဒီ နေထိုင်မှု ကုန်ကျစရိတ်ပေါ့နော်။ ဒါကို သင့်တင့်မျှတစွာ စီစဉ်ဆောင်ရွက်ပေးဖို့ ဆိုတဲ့ အချက်တချက်ပါတယ်။ စတုတ္ထတချက်ကတော့ လုပ်ငန်းခွင်မပျက် ပညာသင်ကြားရေးကို ဆက်လက်ခွင့်ပြုပေးဖို့ဆိုတဲ့ အချက်၊ စုစုပေါင်း ၄ ချက်ပေါ့နော်။ သမ္မတအကြံပေး ဒေါက်တာဇော်ဦးနဲ့ ဆွေးနွေးတဲ့အခါမှာ ပြီးခဲ့တဲ့အပတ်က သမ္မတကြီး ဂျပန်ခရီးစဉ် ပြန်လာပြီးတဲ့နောက်ပိုင်းမှာတော့ ဒေါက်တာဇော်ဦးက သမ္မတကြီးကို ပြန်လည်တင်ပြပေးမယ်ဆိုတဲ့ ကတိက၀တ်ကို ကျနော်နဲ့ ရှိထားပါတယ်။ ခုချိန်လောက်ဆိုရင်တော့ သမ္မတကြီးဆီ တင်ပြပြီးလောက်ပါပြီ။ ဒါကြောင့်မို့လို့ ဒီဘက်က ၃၆၀၀ လည်း အိုကေမယ်၊ ဟိုဘက်ကနေပြီးတော့ ကျနော်တို့ အခြားပေါင်းစပ်ငွေကြေး ဒီ ၄ ခုကို ပြည်ထောင်စုအစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့ ကျနော်တို့ တိုက်တွန်းတဲ့အခါ ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းကနေ လူမှုဖူလုံရေး side ကနေပေါ့နော် ဒီနေထိုင်မှုကုန်ကျစရိတ်ကို ကာမိဖို့အတွက် လိုင်းခန်းတွေပေါ့နော်၊ ၀န်ထမ်းလိုင်းခန်းတွေ ဆောင်ရွက်ပေးဖို့အတွက် စီမံကိန်းစပါပြီ။ အခု အကောင်အထည်ဖော်ပေးပါ့မယ်ဆိုတဲ့ ကိစ္စလည်းပဲ ကျနော်တို့ ကြားရပါပြီ။” အလုပ်သမားတွေဘက်က အနည်းဆုံးအခကြေးငွေ ၃၆၀၀ နဲ့ ပေါင်းစပ် ၄ ချက်ကို တင်ပြတယ်ဆိုတော့ အလုပ်ရှင်တွေဘက်ရော ၂၅၀၀ ကျပ်ပေးရာကနေ ၃၆၀၀ ပေးရမယ်ဆိုရင် အစိုးရဘက်က ထောက်ပံ့မှုပိုင်းနဲ့ ပတ်သက်လို့ရော သူတို့က ဘာတွေ တင်ပြတာရှိလဲ။ ဘယ်နှချက်လောက်ရှိသလဲ။ ဘာတွေလဲ။ “လုပ်ငန်းရှင်တွေအပိုင်းကတော့ အခွန်အတုတ်တွေပေါ့နော်၊ အခွန်အခတွေကို လျော့ချပေးဖို့ကိစ္စရယ်။ နောက် သယ်ယူပို့ဆောင်မှုပိုင်းကို အစိုးရအနေနဲ့ ကူညီပေးဖို့ပေါ့နော်။ အစိုးရအနေနဲ့ အကူအညီပေးဖို့ ဆိုတဲ့နေရာမှာ အလုပ်သမားဝန်ကြီးဌာန တခုတည်းနဲ့ မရပါဘူး။ ပို့ဆောင်ရေးဝန်ကြီးဌာန အပါအ၀င်ပေါ့နော်၊ အဓိကကတော့ ကွန်တိန်နာဖြတ်သန်းရာ လမ်းကြောင်းတလျှောက်ရယ်၊ နောက် ဆိပ်ကမ်းကုန်တင်ကုန်ချမှာ ရှိနေတဲ့ ကုန်ကျစရိတ်တွေကို လျော့ချနိုင်ဖို့ပေါ့နော်။ ဒီဟာကိုလည်းပဲ ဆောင်ရွက်ပေးဖို့ကို သူတို့ ပြည်ထောင်စုအစိုးရကို တင်ပြတယ်လို့ ကျနော်တို့ သိရပါတယ်။ ဆိုတော့ အဲဒီအပိုင်းမှာတော့ ဖြေလျော့မှုတွေ ဘယ်လောက်လုပ်မလဲ့ဆိုတာတော့ ကျနော်တို့ မသိရသေးပါဘူးခင်ဗျ။” အနည်းဆုံးအခကြေးငွေ ၃၆၀၀ က ဒီ ၂၀၁၅ ခုနှစ်မကုန်ခင် ပြဋ္ဌာန်းနိုင်မလား။ ဘယ်လို အလားအလာ ရှိသလဲ။ “ရက်ပေါင်း ၆၀ အတွင်းမှာလို့ ဆိုထားတဲ့အတွက် နောက်လမကုန်ခင် (သြဂုတ်လမကုန်မီ) ကို ပြဋ္ဌာန်းရပါလိမ့်မယ်။ အခု လက်ရှိ အာဏာရအစိုးရလက်ထက်မှာ ပြီးပြတ်အောင် ဆောင်ရွက်သွားမယ်ဆိုတဲ့ အခြေအနေမျိုးတခုကို ကျနော်တို့ မြင်နေရပါပြီ။” ၃၆၀၀ သာ သတ်မှတ်ရင် စက်ရုံတွေ ပိတ်သွားမယ်လို့ ရပ်တည်ခဲ့ကြတဲ့ အလုပ်ရုံတွေက အလုပ်ရှင်တွေ အသံကရော အရင်အတိုင်းပဲ တင်းခံနေသလား။ ဘယ်လို ရှိသလဲ။ “တော်တော်တိတ်သွားပါပြီခင်ဗျ။ တော်တော်တိတ်သွားပါပြီ။ အစပိုင်းကတော့ သူတို့ pressure ဖိအားပေးတဲ့ သဘောအနေနဲ့ လုပ်တာပါ။ အခု လှိုင်သာယာ  စက်မှုလုပ်ငန်းရှင်တွေနဲ့ ကျနော်တို့ တနေ့က ဆွေးနွေးတဲ့အခါမှာတော့ အဲဒီအသံတွေ လုံးဝပျောက်ကွယ်လုနီးနီး ဖြစ်နေတာကို တွေ့ရပါတယ်။” အနည်းဆုံးအခကြေးငွေ သတ်မှတ်ပြဋ္ဌာန်းရေးနဲ့ ပတ်သက်လို့ ဘာများ မှတ်ချက်ပြုပြောစရာ ရှိမလဲခင်ဗျာ။ “ထူးခြားတာကတော့ ဒီမှာ တချက်ပေါ့နော်။ အဲဒါက အခြေခံလစာကို ခိုင်မာအောင် တည်ဆောက်ရင် အချိန်ပိုကြေးတွေကို နိုင်ငံတကာစံနှုန်းအတိုင်း ပြင်ရမယ့် အနေအထားတခုကိုတော့ ရောက်လိမ့်မယ်။ ရောက်လိမ့်မယ်ဆိုတာက အခု ကျနော်တို့က အလုပ်ချိန် ၈ နာရီအထက်ပေါ့နော် သာမန်ရက်တွေပေါ့၊ ဥပမာ တနင်္လာနေ့ကနေ သောကြာနေ့အထိပေါ့၊ ဒီ ၅ ရက် အလုပ်ဆင်းတဲ့အခါမှာ အလုပ်ချိန် ၈ နာရီထက်ကျော်တဲ့ လုပ်ခလစာကို ၂ ဆ သတ်မှတ်ပေးနေတဲ့ အနေအထားရှိတယ် (လက်ရှိ)။ အဲဒါလေးကတော့ ပြင်သွားနိုင်တယ်။ ပြင်သွားနိုင်တယ်ဆိုတာက ၁ ဒသမ ၅ (၁ ဆခွဲ) ပေါ့နော်။ အဲဒီအနေအထားကို ပြင်သွားနိုင်တယ်။ ဒီ တရားဝင်ရုံးပိတ်ရက်တွေမှာတော့ ၂ ဆပါပဲ။ ဒီဟာလေးတချက်တော့ ပြင်သွားနိုင်မယ့် အလားအလာရှိမယ်လို့ ကျနော်တို့ မြင်ပါတယ်။”
6 years Ago
Up