အဓိကရုဏ်း

July 23, 2019

နိုင်ဂျီးရီးယားတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများ အဓိကရုဏ်းဖြစ်၊ ၁ ဦးထက်မနည်း သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် အဘူဂျာမှာ ဇူလိုင် ၂၂ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရှီးယိုက်မွတ်စလင် ဆန္ဒပြသူတွေအကြား အဓိကရုဏ်းအတွင်း ဆန္ဒပြသူ တယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ The Islamic Movement of Nigeria (IMN) အဖွဲ့ဟာ အဖမ်းခံထားရတဲ့ သူတို့ရဲ့ ခေါင်းဆောင် အီဘရာဟင် ဇက်ခ်ဇာကီကို ပြန်လွှတ်ပေးဖို့ ပြီးခဲ့တဲ့ နှစ်တွေကတည်းက လမ်းပေါ်ထွက် ဆန္ဒပြ တောင်းဆိုနေကြတာပါ။ အီဘရာဟင်ဟာ ၂၀၁၅ ခုနှစ်က အဖမ်းခံခဲ့ရတာပါ။ မြို့တော် အဘူဂျာမှာ သေနတ်သံတွေ ထွက်လာပြီး မော်တော်ကား နှစ်စီးထက်မနည်း မီးလောင်ခဲ့ပါတယ်။ ဒါ့အပြင် ရှီးယိုက်မွတ်စလင် အမျိုးသားတယောက်ရဲ့ အလောင်းကိုလည်း ရဲတပ်ဖွဲ့က သယ်ယူသွားခဲ့ကြပါတယ်။ ဒဏ်ရာရ ဆန္ဒပြသူတွေကို အနားက ခိုလှုံရေးစခန်းတခုမှာ ကုသပေးနေပြီး အဲဒီဆန္ဒပြပွဲမှာ သေဆုံးသူ အယောက် ၂၀ ကျော် ရှိခဲ့တယ်လို့ IMN အဖွဲ့ရဲ့ လူငယ်ခေါင်းဆောင်တဦးက ပြောပါတယ်။ ၂၀၀၉ ခုနှစ်မှာ နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့က ဆွန်နီမွတ်စလင် စစ်သွေးကြွအဖွဲ့ ဘိုကိုဟာရမ်ရဲ့ ခေါင်းဆောင်ကို သုတ်သင်လိုက်ပြီးနောက် ဘိုကိုဟာရမ်အဖွဲ့ဟာ နိုင်ငံတွင်း အကြမ်းဖက် တိုက်ခိုက်တာတွေ အရှိန်မြှင့် တုံ့ပြန်ခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအခြေအနေမှာလည်း ရဲတပ်ဖွဲ့နဲ့ IMN အဖွဲ့ကြား တိုက်ခိုက်မှုတွေဟာ အလားတူ အစွန်းရောက်အခြေအနေ ဖြစ်လာမှာကို ပိုစိုးရိမ်နေကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
3 years Ago

June 29, 2019

စတုန်းဝေါအဓိကရုဏ်း နှစ် ၅၀ ပြည့်အခမ်းအနား ကျင်းပ

၁၉၆၉ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က နယူးယောက်မြို့ မက်ဟန်တန်ရပ်ကွက်က လိင်စိတ်ခံ ယူချက်ကွဲပြား သူတို့ရဲ့ စတုန်းဝေါစားသောက်ဆိုင်ကို ရဲတပ်ဖွဲ့က ၀င်စီးတာနဲ့အတူ စတုန်းဝေါအဓိကရုဏ်း ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီ အဓိကရုဏ်းကနေ လိင်စိတ်ခံယူချက်ကွဲပြားသူတွေအတွက် တန်းတူအခွင့်အရေးတောင်းဆိုတဲ့ လှုပ်ရှားမှုတွေ နိုင်ငံအနှံ့၊ ကမ္ဘာအနှံ့  ပေါ်ပေါက်ခဲ့ပါတယ်။ ဒီနှစ် ဇွန်လ ၂၈ ရက်နေ့မှာတော့ စတုန်းဝေါ အဓိကရုဏ်း အနှစ် ၅၀ ပြည့်အခမ်းအနားကို နယူးယောက်မြို့မှာ ကျင်းပခဲ့ပြီး ကမ္ဘာအနှံ့က တက်ကြွလှုပ်ရှားသူတွေ လာရောက်ဆင်နွှဲခဲ့ပါတယ်။ ဒီနှစ်ပတ်လည် အခမ်းအနားဟာ စတုန်းဝေါ နှစ် ၅၀ ပြည့် အောင်ပွဲခံတဲ့ပွဲ ဖြစ်သလို  သမ္မတ ဒေါ်နယ်ထရမ့်အစိုးရ မူဝါဒတွေကို ဝေဖန်တဲ့ပွဲလည်း ဖြစ်နေပါတယ်။ တက်ကြွလှုပ်ရှားသူ အတော်များများက ထရမ့်ရဲ့ မူဝါဒတွေဟာ လိင်စိတ်ခံယူချက်ကွဲပြားသူ အသိုက်အ၀န်းကို ထိခိုက်နိုင်တယ်လို့ ယူဆကြပြီး ကမ္ဘာ့နေရာ အတော်မျာများမှာ အဲဒီလူတွေအပေါ် အန္တရာယ်ကျရောက်ဆဲ အခြေအနေတွေကိုလည်း မီးမောင်းထိုးပြလိုကြပါတယ်။ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂျပ်ဒီးယားကတော့ သမ္မတ ထရမ့်ဟာ လိင်စိတ်ခံ ယူချက်ကွဲပြားသူတွေအပေါ် ဘယ်တုန်းကမှ ခွဲခြားဆက်ဆံတဲ့သဘော မထားရှိသလို သူတို့အပေါ် ခွဲခြားဆက်ဆံမှု မှန်သမျှကိုလည်း ဆန့်ကျင်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။
3 years Ago
More News
Up