အဓိကရုဏ်

March 30, 2020

ထိုင်း အကျဉ်းထောင်တခုတွင် အဓိကရုဏ်းဖြစ်

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဘူရိရမ်ခရိုင်ထဲက ထောင်ထဲမှာ မတ်လ ၂၉ ရက်က အဓိကရုဏ်းဖြစ်ခဲ့ပြီး ထောင်ထဲကနေ မီးခိုးတွေ ထွက်လာတယ်လို့ အေပီသတင်းဌာနမှာ ဖော်ပြထားပါတယ်။ ထောင်ထဲမှာ မတ် ၂၉ ရက်နေ့က သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ခဲ့တယ် ခရိုင်ဒုအုပ်ချုပ်ရေးမှူးက မီဒီယာကို အတည်ပြုပါတယ်။ ထောင်သား အယောက် ၁၀၀ ကျော် ဆန္ဒပြခဲ့ကြတာကြောင့် ထောင်အရာရှိတွေက အင်အား သုံးခဲ့ရတယ်လို့ အကျင့်စာရိတ္တ ပြုပြင်ရေးဌာန ညွှန်ချုပ် နာရတ် ဆာဝတ်တနန်က ပြောပါတယ်။ အဓိကရုဏ်းဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး လူငါးယောက် ဒဏ်ရာရထားတယ်လို့ ထိုင်းမီဒီယာတွေက ပြောပေမယ့် သေဆုံးမှုရှိ မရှိကိုတော့ တရားဝင် ထုတ်ပြန်ကြေညာတာမရှိ သေးပါဘူး။ ထောင်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှာကို စိုးရိမ်ပြီး အဓိကရုဏ်း စဖြစ်တာလို့ မထိချုံ ထိုင်းသတင်းစာရဲ့ အင်တာနက် စာမျက်နှာက ဆိုပါတယ်။  ထောင်ထဲက ထောင်သား ၂ ယောက် ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂၈ ရက်နေ့မှာ ပြောကြားထားပါတယ်။ တနိုင်ငံလုံးက ထောင်တွေမှာတော့ ထောင်ဝင်စာ ၂ ပတ် ပိတ်ဖို့နဲ့ ဧည့်တွေ့မလာဖို့ မတ်လ ၁၈ ရက်က စပြီး တားမြစ်ထားပါတယ်။
1 year Ago

February 29, 2020

အိန္ဒိယနိုင်ငံတွင် အဓိကရုဏ်းဖြစ်၊ ၃၈ ဦးထက်မနည်းသေဆုံး

အခုသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံမှာဖြစ်ခဲ့တဲ့  ဟိန္ဒိူ-မွတ်စလင်အဓိကရုဏ်းမှာ အနည်းဆုံး လူ ၃၈ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။  အိန္ဒိယနိုင်ငံမှာ လူနည်းစု မွတ်စလင်တွေကို အာဏာပိုင်တွေက  ကာကွယ်ဖို့ ပျက်ကွက်နေတယ်ဆိုပြီးလည်း နိုင်ငံတကာဝေဖန်မှုတွေက  မြင့်တက်နေပါတယ်။   ဖေဖော်ဝါရီ ၂၈ ရက်မှာတော့ အိန္ဒိယရဲတပ်ဖွဲ့ဟာ ရာနဲ့ချီတဲ့လူတွေကို ထိန်းသိမ်းခဲ့တဲ့အပြင်  နယူးဒေလီမြို့အရှေ့မြောက်ဘက်မှာ ရဲတပ်ဖွဲ့ဝင်အင်အား အများအပြားကို ချထားပါတယ်။   ရဲတပ်ဖွဲ့ဟာ သက်သေတွေ စုစည်း၊  အကြမ်းဖက် ဗွီဒီယိုတွေကို စစ်ဆေးကာ လူ ၆၀၀ ကျော် ဖမ်းဆီးခဲ့တယ်လို့ ဒေလီရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးက ဆိုပါတယ်။  ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဝန်ကြီးချုပ် မိုဒီအစိုးရ ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံသားဥပဒေသစ်နဲ့ ပတ်သက်ပြီး  ပဋိပက္ခတွေ စတင်ခဲ့တာပါ။  အိန္ဒိယနိုင်ငံသား ဥပဒေသစ်ဟာ အိမ်နီးချင်းနိုင်ငံတွေက မွတ်စလင်မဟုတ်တဲ့ ဘာသာရေးဖွဲ့တွေကို နိုင်ငံသားဖြစ်ခွင့် ပေးအပ်ပါတယ်။  မွတ်စလင်အများစုရှိရာ  အိန္ဒိယ ကတ်ရှ်မီးယားဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်အတန်း ကို အစိုးရက ရုပ်သိမ်းပြီးတဲ့နောက် နိုင်ငံသားဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့တာပါ။  ဒါကြောင့် နိုင်ငံသားဥပဒေသစ်ဟာ ခွဲခြားဆက်ဆံမှု ရှိတယ်ဆိုပြီး ဝေဖန်သူတွေက ပြောဆိုနေပါတယ်။ 
1 year Ago
Up