အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား

August 8, 2017

နေအိမ်တွင် မိဘများမရှိခိုက် စိတ်ဝေဒနာရှင်အား အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စွပ္ပနူးကျေးရွာမှာ သြဂုတ်လ ၇ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်က နေအိမ်မှာ မိဘတွေ မရှိခိုက် တဦးတည်းရှိနေတဲ့ စိတ်ဝေဒနာသည် အမျိုးသမီးကို တရွာတည်းနေ အသက် ၄၅ နှစ်အရွယ် ဦးအေးက အဓမ္မပြုကျင့်ဖို့ ကြံစည်မှု ဖြစ်ပွားခဲ့တယ်လို့ သိမ်ဇရပ်နယ်မြေရဲစခန်းက ပြောပါတယ်။ သိမ်ဇရပ်နယ်မြေရဲစခန်းမှ ရဲအုပ်တင်အောင်စိုးက “အမျိုးသမီးက စကားလည်း မပြောနိုင်ဘူး။ စိတ်ကျန်းမာရေးကလည်း မကောင်းဘူး၊ နေအိမ်မှာလည်း တယောက်တည်း ရှိနေတဲ့အချိန်မှာ အရက်သေစာ သောက်စားထားပြီး မူးနေတဲ့သူက အိမ်ပေါ်တက်ပြီး အဓမ္မပြုကျင့်ဖို့ ကြံတာပါ။ အမှုကျူးလွန်သူကိုတော့ ဖမ်းဆီးထားပါတယ်” လို့ ပြောပါတယ်။ ဖြစ်စဉ်မှာ ဒေါ်မိုးမိုး နေအိမ်မှာ ရှိနေချိန် တရွာတည်းနေ ကိုကျော်နိုင်က နေအိမ်ကို ရောက်ရှိလာပြီး ဒေါ်မိုးမိုးရဲ့ မိဘနေအိမ်မှာ ရှိနေတဲ့ ညီမဖြစ်သူ နေအိမ်မှာ တယောက်တည်း ရှိနေကြောင်း၊ ၎င်းနေအိမ်ပေါ်သို့ တရွာတည်းနေသူ ဦးအေး(၄၅-နှစ်)က နေအိမ်ပေါ် တက်သွားတာကို မြင်လိုက်တယ်လို့ ပြောပါတယ်။ သွားရောက်ကြည့်ရှုဖို့ ပြောတာကြောင့် ဒေါ်မိုးမိုးက သွားရောက်ကြည့်ရှုရာ ဦးအေးက ညီမဖြစ်သူကို အဓမ္မပြုကျင့်ရန် ကြံစည်တဲ့ အနေအထား တွေ့ရှိရပြီး အော်ဟစ် အကူအညီတောင်းတာကြောင့် ဦးအေးဟာ ထွက်ပြေးသွားတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အလိုမတူဘဲ အဓမ္မပြုကျင့်ရန် ကြံစည်သူ ဦးအေးကို သိမ်ဇရပ်နယ်မြေရဲစခန်းက (ပ)၁၆၈/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၅၁၁ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ရဲမှတ်တမ်းများအရ သိရပါတယ်။ သတင်း - ယူမင်းစိုး
4 years Ago
Up