အဓမ္မပြုကျင့်သူလို့ စွပ်စွဲခံရသူတွေကို တရားသေလွှတ်ပေးတဲ့အပေါ် ဆန့်ကျင်ဆန္ဒပြပြီး အဓမ္မပြုကျင့်မှု ဆန့်ကျင်ရေး ဥပဒေကို ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းတဲ့ လူထုစည်းဝေးပွဲတွေကို ဂျပန်နိုင်ငံမှာ ဒီသီတင်းပတ်အတွင်း ပြုလုပ်ခဲ့ပါတယ်။
ဇွန်လ ၁၁ ရက်နေ့က မြို့ ၉ မြို့မှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူတွေနဲ့ သူတို့ကို ထောက်ခံသူတွေက ပန်းစည်းတွေနဲ့ #MeToo၊ #WithYou ဆိုတဲ့ ပို့စကတ်တွေကိုင်ပြီး ဆန္ဒပြခဲ့ကြတာပါ။
သူတို့ဟာ ကိုယ်တွေ့ အတွေ့အကြုံတွေကို ပြောပြပြီး အဓမ္မပြုကျင့်ခံရသူတွေအပေါ် ဝန်ထုပ်ဝန်ပိုး ကြီးမြင့်စေမယ့် အရာတွေကို ဖယ်ရှားဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။
အဓမ္မပြုကျင့်ခံရသူတွေ ရှေ့ထွက်မလာဘဲ သူတို့ရဲ့ ဥပဒေပိုင်းဆိုင်ရာ အခွင့်အလမ်းတွေ ထိခိုက်စေမှာမျိုးကို ဖယ်ရှားဖို့ လိုအပ်တယ်လို့ ပါဝင်သူတွေက ပြောကြပါတယ်။
ဂျပန်နိုင်ငံရဲ့ ရာစုနှစ်ချီကြာနေတဲ့ အဓမ္မပြုကျင့်မှု တားဆီးရေး ဥပဒေမှာ ပြောင်းလဲမှုတွေ အပါအဝင် ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ထည့်သွင်းဖို့ ၂၀၁၇ ခုနှစ်က ဥပဒေပြုအမတ်တွေ ပြန်သုံးသပ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း အဲဒီ ပြုပြင်ပြောင်းလဲရေးတွေဟာ အစိုးရရှေ့နေတွေအတွက် အငြင်းပွားဖွယ် လိုအပ်ချက်တချို့ကြောင့် မပြင်မဆင်ရသေးဘဲ ရှိနေပါတယ်။
အဲဒါတွေကတော့ အဓမ္မပြုကျင့်မှုတွေမှာ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု ပါဝင်ပတ်သက်သလား ဒါမှမဟုတ် အဓမ္မပြုကျင့်ခံရသူဟာ ခုခံနိုင်စွမ်း မရှိဘူးလား ဆိုတာကို အစိုးရရှေ့နေတွေက သက်သေပြရမှာ ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago