အဓမ္မပြုကျင့်ခံရ

December 23, 2018

ပဲခူးမြို့နယ်၌ ၃ နှစ်အရွယ်မိန်းကလေးငယ်တဦး အဓမ္မပြုကျင့်ခံရ၍ အရေးပေါ်ဆေးရုံတင်ထားရ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ထဲမှာ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တဦးကို အသက် ၃၀ ကျော် အမျိုးသားတဦးက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့လို့ တရားခံကို ဖမ်းဆီး အရေးယူထားတယ်လို့  ပဲခူး မြို့မရဲစခန်းမှူး ဒုရဲမှူး နိုင်စိုးက ပြောပါတယ်။ ပဲခူးမြို  နယ်၊ ကမာနက်ကျေးရွာမှာ ထီးရိုးကန် ဘုန်းတော်ကြီးဘုရား ထီးတင်ပွဲကျင်းပနေစဉ် ဒီဇင်ဘာ ၂၁ ရက် ညက အသက် ၃နှစ် ၄ လ အရွယ်ရှိ မိန်းကလေးငယ်တဦးကို အသက် ၃၀ နှစ်ခန့် အရွယ်ရှိ တရွာထဲနေထိုင်တဲ့ အသိအမျိုးသားတဦးက လယ်ကွင်းထဲကို ခေါ်ဆောင်သွားပြီး အဓမ္မပြကျင့်ခဲ့တာလို့  ကလေးမလေးရဲ့ အဖွားတော်စပ်သူ ဒေါ်ဌေးမြင့်ကပြောပါတယ်။ “အဲဒီည ၁၁ နာရီလောက်က ဖခင်ဖြစ်သူ ဆိုင်းဝိုင်းကိုသွားနေပြီး နေအိမ်ရဲ့ အပေါ်ထပ်မှာ အဖွားနဲ့ သားအလတ်ဇနီးမောင်နံတို့အတူရှိနေတယ်၊  အိမ်အောက်ထပ်မှာတော့ ကလေးက တ ယောက်တည်း ဆော့ကစားနေပါတယ်။ အဲဒီအချိန်မှာ နေအိမ်ကိုအမြဲဝင်ထွက်နေတဲ့ တူဝမ်းကွဲတော်စပ်သူ ဦးမြင့်စိုးရဲ့သား ၀င်းကိုက ထီးတင်ပွဲသွားမယ်။ ဆိုင်းဝိုင်းမှာ နင့်အဖေရှိတယ် လိုက်မလားဆိုပြီး ခေါ်သွားသံကို ကြားလိုက်တယ်”လို့ပြောပါတယ်။ ဆိုင်းဝိုင်းကနေ အဖေတွေ ညီကိုမောင်နှမတွေ ပြန်ရောက်လာပေမယ့် နောက်နေ့မနက် ၁ နာရီခွဲတဲ့အထိ ကလေးမလေး ပြန်ရောက်မလာသေးတဲ့အတွက် ဦးလေးတွေ အဒေါ်တွေက လိုက်ခေါ်ရာမှာ ပွဲခင်းထဲမှာ ၀င်းကိုက ကလေးကို ပွေ့ထားတာတွေ့ရလို့ အိမ်ပြန်ခေါ်လာတယ်လို့ ဆိုပါတယ်။ “ပြန်ခေါ်လာတော့ ကလေးက ငိုနေတယ်။ ဒါနဲ့ အိပ်ချင်လို့ထင်တယ် ထင်ပြီး သိပ်ထားလိုက်တယ်။ ဒီမနက် ၈ နာရီလောက်မှ နာတယ်၊ နာတယ် ဆိုပြီးပြောတော့ ဘယ်က နာတာလဲ၊ ပြစမ်းဆိုပြီး ကြည့်မှ ကလေးရဲ့ မိန်းမကိုယ်ကနေ သွေးတွေထွက်နေတယ်။ ဘယ်သူလုပ်တာလဲဆိုတော့၊  ဦးဝင်းကို လုပ်တာ လယ်ကွင်းထဲမှာလို့ပြောတယ်”လို့ ဒေါ်ခင်ဌေးမြင့်က ဆက်ပြောပါတယ်။ ကလေးမလေးရဲ့ မိန်းမကိုယ်မှာ ဒဏ်ရာအပြင်းအထန်ရထားတဲ့အပြင် ပါးပြင်၊ လည်ပင်းနဲ့ ပါးစပ်တွေမှာလည်း ရိုးပြတ်တွေ ပျက်ရှထားတဲ့ဒဏ်ရာတွေရရှိထားလို့  ပဲခူးပြည်သူ့ ဆေးရုံမှာ အရေးပေါ် တင်ထားရတယ်လို့  အဖွားဖြစ်သူရဲ့ ပြောပြချက်အရသိရပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ၀င်းကို ကို ပဲခူးမြို့မ ရဲစခန်းက နေ (ပ)၂၃၁၆/ ၃၂၃ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၃၂၃ နဲ့ ဖမ်းဆီး အရေးယူထားပါတယ်။ အောင်စိုးမိုး
3 years Ago

May 27, 2018

အဓမ္မပြုကျင့်ခံရသည့် ၆ နှစ်အရွယ် မိန်းကလေးအတွက် ထိုင်းလူမှုကွန်ရက်မှ ရန်ပုံငွေရှာ

ထိုင်းနိုင်ငံ ကရာဆန်ခရိုင်မှာ ၆ နှစ်အရွယ် မိန်းကလေးတဦးကို အသက် ၆ နှစ်နဲ့ ၁၁ နှစ်ကြားရှိ ယောက်ျားလေး ၃ ဦးက ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က အဓမ္မပြုကျင့်ခဲ့ကြလို့ မိန်းကလေးရဲ့မိသားစုကို ကူညီဖို့ လူမှုကွန်ရက်ပေါ်ကနေ ရန်ပုံငွေရှာခဲ့ကြတယ်လို့ သိရပါတယ်။ Because We Care လူမှုကွန်ရက်စာမျက်က တီချာထက်(ဘ်)ထွန် (င်) က ကရာဆန်ခရိုင်မှာနေတဲ့ မိန်းကလေးရဲ့ မိသားစုကို လေ့လာချိန်မှာ မိသားစုက အရမ်းဆင်းရဲလို့ အလှူငွေ ကောက်ခံပေးခဲ့တာဖြစ်ပြီး အလှူငွေ ၄ သောင်း ၅ ထောင် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ နေထိုင်ရာ အရပ်က ကျောင်းမှာ ၂ တန်းတက်နေတဲ့ မိန်းကလေးဟာ အသက် ၆ နှစ် ၈ နှစ်နဲ့ ၁၁ နှစ်သားတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရပြီး ဒီအမှုကို ရဲတွေက ကိုင်တွယ်နေပါတယ်။ ရဲတွေ၊ စိတ်ပညာရှင်တွေနဲ့ လူမှုဖူလုံရေး အရာရှိတွေက ခံရသူ မိန်းကလေးနဲ့ ယောကျာ်းကလေးတွေ အားလုံးကို တွေ့ခဲ့ပြီး ကောင်လေးတွေထဲက တယောက်က ကောင်မလေးကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်ဖို့ သူနဲ့ အခြားကောင်လေးတွေက ၃၅ ဘတ် ပေးခဲ့ကြောင်း ပြောပါတယ်။ ဆက်ပြီး ကောင်လေးက ဒီကိစ္စက ကောင်မလေးရဲ့ သဘောတူညီမှုအရ ဖြစ်ပြီး ဘာမှအကြမ်းဖက် အဓမ္မလုပ်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ မိန်းကလေးကို လိင်ဆက်ဆံဖို့ ကြိုးစားခဲ့တယ်လို့ ကောင်လေးတယောက်က ဝန်ခံခဲ့ကြောင်းလည်း အာဏာပိုင်တွေက ပြောပါတယ်။ အမှုမှာ သက်သေတွေကိုလည်း ရဲတွေက စစ်ဆေးနေပြီး ဖြစ်ခဲ့တဲ့နေရာက သက်သေတွေကိုလည်း စုဆောင်းနေကြပါတယ်။ ဘူရီရမ်ခရိုင်က မိသားစုများနဲ့ ကလေးများ လူမှုဖူလုံရေး အကြီးအကဲ မစ္စကူဂျီရာက အကယ်၍ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုရှိရင် ဘယ်သူတွေ ပါဝင်လဲဆိုတာ အမှုတည်ဆောက်ရမှာ ဖြစ်ပေမယ့် ဥပဒေအရ လိင်ပိုင်းဆိုင်ရာ စော်ကားသူတွေက ကလေးတွေဖြစ်နေလို့ ရာဇဝတ်မှု ပြစ်ဒဏ် မခံရနိုင်လောက်ဘူးလို့ ပြောပါတယ်။ ယောက်ျားကလေး ၃ ယောက်ရဲ့ မိဘတွေကိုလည်း ကလေးတွေကို ဘယ်လိုကောင်းကောင်းစောင့်ရှောက်ရမယ်ဆိုတာ အကြံပြုပြီး ကောင်လေးတွေရဲ့ အပြုအမူကို ပြောင်းလဲပြုပြင်နိုင်ဖို့ ကျွမ်းကျင်သူတွေက ကောင်လေးတွေနဲ့ စကားပြောရမယ်လို့လည်း သူမက ဆိုပါတယ်။ မစ္စကူဂျီရာက သူတို့ဌာနကနေ မိန်းကလေးကို စိတ်ခံစားမှုပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးပြီး စိတ်ပညာရှင်တွေကလည်း ကူညီပေးမယ်လို့ ဆိုပါတယ်။ တပြိုင်နက်တည်းမှာပဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဌာနရဲ့ အကြံပေး ယွန်ယွတ်က ယောက်ျားကလေး ၃ ယောက် ကြီးပြင်းလာတဲ့အခါ အလားတူ ရာဇဝတ်မှုမျိုးကို မကျူးလွန်အောင် အထူးကျွမ်းကျင်တဲ့ ကူညီမှုတွေ ပေးရမယ်လို့လည်း အကြံပြုထားကြောင်း ဘန်ကောင်ပို့စ်သတင်းမှာ မေလ ၂၇ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
More News
Up