အဓမ္မကျင့်ခံရ

July 22, 2018

အစ်ကိုအရင်း၏ အဓမ္မကျင့်ခံရသည့် အင်ဒိုအမျိုးသမီး ကိုယ်ဝန်ဖျက်မှုအတွက် အပြစ်ပေးခံရ

အစ်ကိုအရင်းရဲ့အဓမ္မကျင့်မှုကို ခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံက အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတဦးဟာ ကိုယ်ဝန်ဖျက်ချမှုအတွက် ထောင်ခြောက်လ အပြစ်ပေးခံခဲ့ရတယ်လို့ Sky News သတင်းမှာ ဖော်ပြပါတယ်။ သူမကို အသက် ၁၇ နှစ်အရွယ် အစ်ကိုဖြစ်သူက အဓမ္မကျင့်ခဲ့တာဖြစ်ပြီး အစ်ကိုဖြစ်သူကိုလည်း အသက်မပြည့်သေးသူကို လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုအတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျမ်ဘီပြည်နယ် ပါလူကျေးရွာက ဆီအုံးစိုက်ခင်းအတွင်း ယောက်ျားလေး သန္ဓေသားလောင်းတခုကို တွေ့ရှိခဲ့ပြီးနောက် ဇွန်လမှာ အင်ဒိုနီးရှားရဲတပ်ဖွဲ့က သူတို့ကို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ အမျိုးသမီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက သူ့အစ်ကိုရဲ့အဓမ္မကျင့်မှုကို ရှစ်ကြိမ် ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ကိုယ်ဝန်ခြောက်လမှာ အခုလို ဖျက်ချမှု လုပ်ခဲ့တာလို့ တရားရုံးတာဝန်ရှိသူတဦးက ပြောပါတယ်။ အင်ဒိုနီးရှားဥပဒေမှာ မိခင်ရဲ့အသက်အန္တရာယ်ရှိမှုနဲ့ အဓမ္မကျင့်ခံရမှု စတဲ့ အခြေအနေတွေကလွဲပြီးတော့ ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ထားပါတယ်။ ဥပဒေမှာ ကိုယ်ဝန်ဖျက်ချသူဟာ ကိုယ်ဝန်ခြောက်ပတ်မရောက်ခင် လုပ်ရမှာလို့ သတ်မှတ်ထားပြီး ဖျက်ချပေးမယ့်သူကလည်း လိုင်စင်ရထားပြီးဖြစ်တဲ့ ပရော်ဖက်ရှင်နယ် တဦးဖြစ်ဖို့ လိုအပ်ပါတယ်။ အမျိုးသမီးရဲ့ ကိုယ်ဝန်ဖျက်ချမှုမှာ သူမရဲ့မိခင်ပါ ပါဝင်ပတ်သတ်ခဲ့တယ်လို့ သိရပြီး မိခင်ဖြစ်သူဟာလည်း တခြားသော စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအမှုအတွက် အမျိုးသမီးကို ထောင်ဒဏ် ၁ နှစ်၊ သူ့အစ်ကိုကို ထောင် ၇ နှစ်ချမှတ်ဖို့ ဥပဒေအရာရှိတွေက အစောပိုင်းက တောင်းဆိုခဲ့တာဖြစ်ပြီး အခုပြစ်ဒဏ်အတွက် ထပ်မံအယူခံဝင်မယ်လို့လည်း သိရပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့များက အင်ဒိုနီးရှားနိုင်ငံရဲ့ ကိုယ်ဝန်ဖျက်ချမှုဆိုင်ရာ ဥပဒေဟာ အမျိုးသမီးတွေရဲ့ မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးကို ပြင်းပြင်းထန်ထန် ကန့်သတ်ထားပြီး အမျိုးသမီးတွေကို အန္တရယ်များတဲ့ ကိုယ်ဝန်ဖျက်ချမှုတွေဆီ တွန်းပို့နေတယ်လို့ ကာလ ရှည်ဝေဖန်လျက်ရှိပါတယ်။
5 years Ago
Up