အဓမ္မပြုကျင့်ခံရပြီး သေဆုံးခဲ့မှု

September 30, 2020

အိန္ဒိယတွင် အမျိုးသမီး ၁ ဦး အဓမ္မပြုကျင့်ခံရပြီး သေဆုံးခဲ့မှုရအပေါ်  လူရာချီ ဆန္ဒပြ

အိန္ဒိယနိုင်ငံအတွင်း မျိုးရိုးဇာတ်စနစ်မှာ ဇာတ်အနိမ့်ဆုံး မျိုးရိုးက အမျိုးသမီးတယောက်ကို ယောက်ျားတအုပ်စုက အဓမ္မပြုကျင့်ခဲ့တယ်လို့ အာဏာပိုင်တွေကပြောအပြီး စက်တင်ဘာ ၂၉ ရက်မှာ အမျိုးသမီး သေဆုံးခဲ့ပါတယ်။ ဒါကြောင့် နယူးဒေလီမြို့တော်က သူ့အလောင်းရှိရာ ဆေးရုံမှာ လူရာချီ စုရုံး ဆန္ဒပြခဲ့ကြပါတယ်။ ဓားစာခံ အမျိုးသမီးရဲ့ဖခင်က သူ့သမီးအတွက် တရားမျှတမှုကို ပေးဖို့ ဆေးရုံအပြင်မှာ ဆန္ဒပြနေတဲ့ ရာချီတဲ့လူတွေကို တောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြသူတွေနဲ့ ရဲတွေ တွန်းတိုက်တိုးဝှေ့ခဲ့ကြပြီး ယာဉ်ကြောလည်း ပိတ်ဆို့ခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် ဒါလစ်မျိုးရိုးထဲက အမျိုးသမီးဟာ မြို့တော်ဒေလီနဲ့ ၆၂ မိုင်အကွာ ဟာ့သ်ရက်စ်ခရိုင် သူတို့အိမ်နားက လယ်ကွင်းထဲမှာ စက်တင်ဘာ ၁၄ ရက်က ယောက်ျားတစုရဲ့ တိုက်ခိုက် အဓမ္မပြုကျင့်တာကို ခံခဲ့ရပါတယ်။  ဒီအမှုနဲ့ပတ်သက်ပြီး ရဲက ယောက်ျား ၄ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ တနင်္လာနေ့မှာ အမျိုးသမီးကို ဥတ္တာပရာဒေ့ရှ် ပြည်နယ်ဆေးရုံကနေ နယူးဒေလီမြို့ ဆက်ဖ်ဒါဂျန်ဆေးရုံဆီ လွှဲပြောင်းကုသပေးပေမယ့် ကုသဆဲမှာ သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါလစ်မျိုးရိုးဇာတ်ဝင်တွေကတော့ သူတို့ဟာ အခြေအမြစ်မရှိတဲ့ အစွဲအလမ်းတွေကြောင့် ဥပဒေရဲ့ မျှတတဲ့ အကာအကွယ်ကို မရဘူးလို့ မကျေမနပ် ပြောဆိုကြပါတယ်။ ဒါလစ်တွေရဲ့ အခွင့်အရေးအတွက် တောင်းဆိုနေတဲ့ ဘင်းမ်အာမီပါတီက တက်ကြွလှုပ်ရှားသူတွေက ဆေးရုံ ရင်ခွဲရုံနားမှာ ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြပါတယ်။ ပါတီ ခေါင်းဆောင်ကလည်း တနိုင်ငံလုံးက ဒါလစ်ဇာတ် အနွယ်ဝင်တွေ လမ်းပေါ်ထွက် ဆန္ဒပြကြဖို့ ဆော်သြပါတယ်။ “ဓားစာခံ မိသားစုဟာ အထီးမကျန်ဘူး။ ကျနော်တို့အားလုံးက မိသားစုဝင်တွေပဲ”လို့လည်း ပြောပါတယ်။ ဒီအမှုကို အမြန်စီရင်နိုင်ဖို့ စုံစမ်းစစ်ဆေးမှု အမြန်လုပ်မယ်လို့ ခရိုင် အာဏာပိုင်တွေက ပြောပါတယ်။ အမျိုးသမီးရဲ့ အိမ်ရှိရာ ဥတ္တာပရာဒေ့ရှ် ပြည်နယ်ဟာ နိုင်ငံတွင်း အမျိုးသမီးတွေအတွက် လုံခြုံမှုအနည်းဆုံး ပြည်နယ်လည်း ဖြစ်ပါတယ်။ အိန္ဒိယမှာ အမျိုးသမီးတွေအပေါ် ပျမ်းမျှ ၁၅ မိနစ်တိုင်းမှာ အဓမ္မပြုကျင့်မှုတမှု ရှိနေတယ်လို့ ၂၀၁၈ အစိုးရ သတင်းအချက်အလက်တွေက ဆိုပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ အမျိုးသမီးတွေအတွက် အဆိုးဆုံးနေရာအဖြစ် ဂုဏ်သိက္ခာကျဆင်းခဲ့ပါတယ်။
8 months Ago
Up