ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အာဏာသိမ်းစစ်တပ်က လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ဆေးတာတွေ ပြုလုပ်ပြီး လူငယ်တွေဆီကနေ ငွေတောင်းတာနဲ့ အဓမ္မစေခိုင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပုသိမ်မြို့နေ ဒေသခံတစ်ဦးက “လမ်းတွေမှာ နေရာစုံစစ်တယ်၊ လူငယ်တွေဆို အကုန်ရှာတယ်၊ ဖားခုန်ခိုင်းတာတွေ၊ ပိုက်ဆံတောင်းတာတွေ လုပ်နေတာ၊ မြို့ထဲ ဓားပြတွေ ဝင်ဖမ်းထားသလို၊ စစ်တယ်ဆို ပိုက်ဆံတောင်းဖို့ ၊ ရိုင်းလည်းရိုင်းတယ်” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ စစ်ဆေးခံရသူတစ်ဦးက “ပုသိမ်ကြိုးတံတားအဆင်းမှာ ဘာလက်နက်မှမပါဘူး။ အတင်းခေါ်ပြီး စစ်တယ်။ စစ်တာတော့ တာဝန်အရ စစ်တာဆိုတော့ လက်ခံပါတယ်။ စစ်ပြီး ဘာလက်နက်မှမပါဘူး၊ PDF မဟုတ်မှန်းလည်း သိရော မြက်နုတ်ခိုင်းတယ်၊ ဖားခုန် ခုန်ခိုင်းတယ်၊ ဘာအပြစ်မှမရှိဘဲနဲ့ ဒဏ်ငွေ အတင်းဆောင်ခိုင်းတယ်။ အရပ်ဝတ်နဲ့ရော ယူနီဖောင်းနဲ့ရော အရင်ဆုံး ကျပ်တသောင်းနဲ့ ညှိတယ်။ ၅၀၀၀ ထပ်တိုးပေးတယ်၊ မရဘူး။ နောက်ဆုံး နှစ်သောင်း ပေးခဲ့ရတယ်” လို့ လူမှုကွန်ရက်မှာ တင်ထားတာ တွေ့ရပါတယ်။
ပုသိမ်မြို့နယ် ငဝန်မြစ်ကြောင်းတလျှောက်မှာလည်း စစ်တပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ မိုင်းရှင်းလင်းရေးအဖွဲ့တွေနဲ့ ခရီးသည်တင်စက်လှေတွေ၊ ကုန်တင်ရေယာဉ်တွေအပြင် ပုသိမ်မြို့နယ်အတွင်း ဆိုက်ကပ်ထားတဲ့ ကျောက်ငူကူးတို့ဆိပ်၊ ဝဲဒေါင့်ကူးတို့ဆိပ်နဲ့ အမှတ် ၁ ဘောတံတား ဆိပ်ကမ်းတို့ပါ ရှာဖွေစစ်ဆေးနေတယ်လို့ သိရပါတယ်။
တပ်မတော်ထောက်ခံပွဲမှာ ဒေသခံတိုင်းရင်းသားတွေလည်း ပါဝင်စီတန်းလှည့်လည်ထောက်ခံဖို့ အတင်းအဓမ္မစေခိုင်းမှုတွေ ရှိခဲ့တယ်လို့ ထိုင်းအခြေစိုက် ရှမ်းလူ့ အခွင့်အရေး မဏ္ဋိုင်အဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းဖြတ်၊ ကျိုင်းတုံ စတဲ့မြို့နယ်ထဲက လားဟူ၊ အားခါ နဲ့ ရှမ်းတိုင်းရင်းသား ဒေသခံရွာသားတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက် နဲ့ ၂၃ ရက်နေ့တွေမှာ သက်ဆိုင်ရာမြို့နယ်အသီးသီးမှာ ကျင်းပသွားတဲ့ တပ်မတော်ထောက်ခံပွဲတွေမှာ မိမိဆန္ဒမပါဘဲ နိုင်ငံရေးနားမလည်ဘဲ အတင်းအကြပ်စေခိုင်းလို့ ပါဝင်ခဲ့ရတယ်လို့ ဖော်ပြပါတယ်။
တပ်မတော်ထောက်ခံပွဲတွေကို အာဏာသိမ်းစစ်တပ်က သူတို့လက်အောက်ခံ ပြည်သူ့စစ်တွေကနေတဆင့် စီစဉ်ကျင်းပစေခဲ့တာဖြစ်ပြီး ပြည်သူ့စစ်ကလည်း လူအင်အားများများရှိအောင် ရွာသားတွေကို ခြိမ်းခြောက်ခိုင်းစေသလို အခကြေးငွေပေးပြီး ပါဝင်စေခဲ့တာလို့ ဆိုပါတယ်။
မိုင်းဆတ်မြို့နယ်ထဲမှာ ကျေးရွာပေါင်း ၂၀ ကျော်က ရွာသားတွေကို တစ်အိမ်တစ်ယောက် မလာမနေရခေါ်ထားကာ မလာရင် ရွာထဲမနေရဘူးလို့ ခြိမ်းချောက်သလို လာတဲ့လူတွေတော့ နေ့လယ်စာ ထမင်းတနပ်ကျွေးပြီး ငွေ ၂၅၀၀ နဲ့ ၃၀၀၀ ကြားရကြတယ်လို့ ဆိုပါတယ်။
မိုင်းတုံမြို့နယ် နားကောင်းမူးရွာသားတွေကတော့ လူ ၁ ယောက်ကို ၅၀၀၀ မှ ၁၀၀၀၀ ထိ ရကြပြီး မိုင်းဖြတ်မြို့နယ် မိုင်းယွန်းအုပ်စုမှာ ၁ ယောက် ကျပ် ၆ ထောင်၊ ကျိုင်းတုံမြို့နယ် မိုင်းခတ်မြို့မှာတော့ ၁ ယောက် ကျပ် ၅၀၀၀ စီရတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ် မြို့တော်တောင်ကြီးမှာလည်း တပ်မတော်ထောက်ခံပွဲကို ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကျင်းပခဲ့ရာမှာ တောင်ကြီးမြို့နယ်ထဲက တိုင်းရင်းသားတွေဟာ နိုင်ငံတော်အလံ၊ တပ်မတော်ကို ထောက်ခံကြောင်း ပိုစတာတွေ ကိုင်ပြီး ချီတက်လာကြပါတယ်။ အဲဒီထဲမှာ ပအိုဝ်းတိုင်းရင်းသားဝတ်စုံဝတ်ရွာသားတွေ စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းကိုပါ တွေ့ရပြီး လူမှုကွန်ရက်သတင်းထောက်တွေက မေးမြန်းရာမှာတော့ ဘုရားပွဲလာတာလို့ ဖြေဆိုကြပါတယ်။
ထောက်ခံပွဲက ပြန်လာတဲ့ ရွာသူတစ်အုပ်ကတော့ သူတို့ကို ရွာအကြီးအကဲက အကတိုက်စရာရှိလို့ ဆိုပြီး မြို့ပေါ်ခေါ်လာကြောင်း၊ ဒီရောက်တော့ သံပုံးတီးဆန္ဒပြခံရတာသိလို့ ရှက်ရှက်နဲ့ မျက်နှာကွယ်ထားကြရတယ်လို့ ဆိုပါတယ်။
အချို့ကတော့ တပ်မတော်ထောက်ခံပွဲလာရတာကို သိရှိသွားလို့ လူအုပ်ကနေခွဲထွက်ပြီး လာကြိုတဲ့ ကားကိုတောင်မစောင့်တော့ဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ခဲ့ကြတယ်လို့ တောင်ကြီး ဒေသခံက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို နေရာအနှံ့ ဆန့်ကျင်တဲ့ဆန္ဒပြနေကြသလို တဘက်ကလည်း တပ်မတော်ထောက်ခံပွဲကို တန်ပြန်ကျင်းပနေကြတာပါ။