ဗြိတိန်အခြေစိုက် စူပါမားကက်လုပ်ငန်းစုကြီး Tesco က တရုတ်နိုင်ငံကနေ ရောင်းတဲ့ ခရစ်စမတ်ကတ်တွေ မှာယူမှုကို ဒီဇင်ဘာ ၂၂ ရက်မှာ ဆိုင်းငံ့လိုက်ပါတယ်။
အဓမ္မလုပ်အားပေး ခိုင်းစေခံရတဲ့ နိုင်ငံခြားသား ထောင်သားတွေက ထုပ်ပိုးထားတယ်လို့ ရေးထားတဲ့ စာသားကို ခရစ်စမတ်ကတ်တခုထဲမှာ ရေးထားတာကို ဝယ်ယူသူတယောက်က တွေ့ခဲ့ပြီးနောက် ခုလို ဆိုင်းငံ့လိုက်တာပါ။
“ကျနော်တို့ဟာ ရှန်ဟိုင်း ချင်ဖူထောင်ထဲက နိုင်ငံခြားသား ထောင်သားတွေပါ။ ဆန္ဒမပါဘဲ အတင်းအလုပ်လုပ်ခိုင်းခံနေရပါတယ်။ ကျေးဇူးပြုပြီး ကျနော်တို့ကို ကူညီပါ။ လူ့အခွင့်အရေးအဖွဲ့အစည်းကို အသိပေးပါ။ ပေးထားတဲ့ လင့်ခ်ကို သုံးပြီး မစ္စတာပီတာ ဟမ့်ဖှရေကို ဆက်သွယ်ပါ”လို့ ကတ်ထဲက စာတိုက ဖော်ပြထားပါတယ်။
ဒီကတ်တွေကို ရှန်ဟိုင်း ချင်ဖူထောင်နဲ့ မိုင် ၆၀ အကွာ ကျဲ့ကျန်းယင်ကွမ်း ပုံနှိပ်စက်ရုံမှာ ပုံနှိပ်တယ်လို့ Tesco ကုမ္ပဏီ က ပြောပါတယ်။
ပုံနှိပ်စက်ရုံကလည်း အစားအစာနဲ့ ဆေးဝါးကုမ္ပဏီတွေအတွက် ကတ်တွေ၊ စာအုပ်တွေ ပုံနှိပ်တယ်လို့ သူ့ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
“ထောင်သားတွေရဲ့ လုပ်အားကို သုံးတာကို ကျနော်တို့ ရွံရှာတယ်။ ဒါမျိုးကို ကျနော်တို့ရဲ့ ကုန်စည်ဖြန့်ဖြူးမှု ကွင်းဆက်ထဲမှာ ဘယ်တော့မှ အပါခံမှာ မဟုတ်ဘူး”လို့ Tesco ကုမ္ပဏီက ကြေညာချက် ထုတ်ပြန်ပါတယ်။
“ခုလို စွဲချက်တွေကြောင့် ကျနော်တို့ တုန်လှုပ်ရတယ်။ ကတ်တွေထုတ်တဲ့ စက်ရုံဆီက အမှာစာတွေကို ချက်ချင်းဆိုင်းငံ့ပြီးပြီ စုံစမ်းစစ်ဆေးသွားမယ်။ စုံစမ်းနေချိန် ရောင်းဖို့ တင်ထားတဲ့ ကတ်တွေကိုလည်း ပြန်သိမ်းမယ်”လို့ လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။
ဗြိတိန်ရဲ့ အကြီးဆုံး လက်လီအရောင်းလုပ်ငန်း Tesco ဟာ ကတ်ရောင်းရငွေထဲက စတာလင်ပေါင် ၃ သိန်းဖိုးကို ဗြိတိန် နှလုံးဖောင်ဒေးရှင်း၊ ဗြိတိန် ကင်ဆာသုတေသနနဲ့ ဆီးချိုရောဂါဆိုင်ရာ Diabetes UK အသင်းတို့ကို နှစ်စဉ် လှူဒါန်းပါတယ်။
1 year Ago