အဒီဘာယော

January 25, 2022

အာဆင်နယ်အသင်း ကစားသမားများကို ခွင့်လွှတ်မပေးတတ်ဟု အဒီဘာယော ဝေဖန်

အာဆင်နယ်အသင်းဟာ ကစားသမားတွေအပေါ်မှာ ခွင့်လွှတ်ပေးတတ်တဲ့ အသင်းမဟုတ်ဘူးလို့ တိုက်စစ်မှူးဟောင်း အဒီဘာယောက ဝေဖန်သွားပါတယ်။ 

တိုက်စစ်မှူး အူဘာမီယန်းရဲ့အခြေအနေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရာမှာ အာဆင်နယ်အသင်းကိုပဲ အဒီဘာယောက ဝေဖန်ခဲ့တာပါ။ 

ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းဟာ ပြီးခဲ့တဲ့လပိုင်းက အသင်းကနေ ခွင့်ယူပြီး အချိန်မီ ပြန်မရောက်တဲ့အပေါ် အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံရပြီး အသင်းနဲ့အတူ လေ့ကျင့်ခွင့်လည်း မရရှိတော့တာ ဖြစ်ပါတယ်။ 

တိုဂိုတိုက်စစ်မှူးဟောင်း အဒီဘာယောကတော့ သူအာဆင်နယ်မှာကစားစဉ်ကလည်း အူဘာနဲ့ ဖြစ်ရပ်ချင်မတူပေမယ့် ပြဿနာတစ်ခုဖြစ်ခဲ့ရာမှာ အာဆင်နယ်အသင်းက ခွင့်လွှတ်မပေးခဲ့ဘူးလို့ ဆိုပါတယ်။ 

“အာဆင်နယ်အသင်းက ဘယ်လိုခွင့်လွှတ်ပေးရမလဲဆိုတာ ဘယ်တုန်းကမှမသိခဲ့ဘူး။ ဒါကြောင့် အူဘာအနေနဲ့ အများကြီးစိတ်ပျက်ရလိမ့်မယ်။ သူက နှစ်သက်စရာကောင်းတဲ့ ကစားသမားဖြစ် ပြီး အကောင်းဆုံးတွေ ဖြစ်ပါစေလို့ သူ့ဆီကို မက်ဆေ့ပို့ပေးခဲ့ပြီးသားပါ” လို့ အဒီဘာယောက ပြောပါတယ်။ 

အဒီဘာယောဟာ အာဆင်နယ်နဲ့အဆင်မပြေဖြစ်ခဲ့ပြီးနောက် မန်စီးတီးဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းဟောင်းနဲ့ပွဲမှာ ဂိုးသွင်းပြီး အကြီးအကျယ်အောင်ပွဲခံခဲ့လို့ အာဆင်နယ်ပရိသတ်တွေက အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ဖူးပါတယ်။

16 hours Ago

February 13, 2020

အဒီဘာယော ပါရာဂွေးကလပ်နှင့်  စာချုပ် ချုပ်

အီမန်နျူရယ် အဒီဘာယောဟာ ပါရာဂွေးကလပ် အိုလမ်ပီယာအသင်းနဲ့ စာချုပ်ချုပ်ဆို လိုက်ပြီဖြစ်ပါတယ်။  အိုလမ်ပီယာအသင်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားရဲ့အဆင့်ငါးနေရာမှာရှိနေပြီး အသင်းဥက္ကဋ္ဌ မာကိုထရာဗာတိုက သီတင်းပတ်ကုန်ပိုင်းအတွင်း ကလပ်အသင်းမှာ စာရင်းပေးထားတဲ့ ပရိတ်သတ်အရေအတွက် ၂၀၀၀၀ ပြည့်ရင်တိုက်စစ်မှူးဟောင်းကို ခေါ်ယူပေးမယ်လို့ ကတိပြုခဲ့ ပါတယ်။  တိုဂိုတိုက်စစ်မှူး အဒီဘာယောဟာ ဒီဇင်ဘာလမှာ တူရကီကလပ် ကစီရီစပေါအသင်းနဲ့ ရေတို စာချုပ်ဖျက်သိမ်းခဲ့ပြီး ကလပ်အသင်းလက်မဲ့ ဖြစ်နေတဲ့ကစားသမားဖြစ်ပါတယ်။  အသက် ၃၅ နှစ်အရွယ်တိုက်စစ်မှူးဟာ အင်္ဂလန်၊ စပိန်၊ ပင်သစ်၊ တူရကီ စတဲ့ ဥရောပထိပ်တန်းလိဂ်တွေမှာ ကျင်လည်ခဲ့သူဖြစ်တာကြောင့် ပါရာဂွေးလိဂ်ကိုဦးတည်သွားတဲ့ သူ့ရဲ့ အပြောင်းအရွေ့ဟာ အံ့သြသင့်စရာဖြစ်ပါတယ်။  အိုလမ်ပီယာအသင်းမှာ အဒီဘာယောရဲ့မန်စီတီးအသင်းဖော်ဟောင်း ရိုကွီဆန်တာခရုဇ် ကစားနေတဲ့အသင်းဖြစ်တာကြောင့် သူတို့ နှစ်ဦးဟာ ပါရာဂွေးလိဂ်မှာ ပြန်လည်ဆုံတွေ့ခွင့်ရပြီ ဖြစ်ပြီး ဆန်တာခရုဇ်ဟာလည်း  ဒီအပြောင်းအရွေ့မှာ တစိတ်တဒေသပါဝင်ပတ်သက်နေမယ်လို့ယူဆရပါတယ်။  အဒီဘာယောနဲ့ ခရုဇ်တို့နှစ်ဦးဟာ မန်စီတီးအသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ကြရပြီး အဒီဘာယာမှာမန်စီတီးအသင်းမှာရှိနေစဉ် ရီးရဲလ်မက်ဒရစ်နဲ့ စပါးအသင်းတို့ထံ အငှား သွားရောက်ကစားခဲ့ရပြီးနောက်ဆုံးမှာတော့ စပါးအသင်းကိုအပြီးသတ်ပြောင်းရွေ့သွားခဲ့ပါတယ်။  အိုလမ်ပီယာအသင်းဟာ အဒီဘာယောတိုဂိုကနေ ထွက်ခွာလာခဲ့ပြီးတဲ့နောက် သူ့ရဲ့ ၁၀ ခုမြောက်ကလပ်အသင်းလဲဖြစ်ပါတယ်။ ဒီကစားသမားဟာ ကလပ်အသင်းများစွာမှာ ကစားခဲ့ဖူးပေမယ့် ဆုတံဆိပ်များများ စားစား ဆွတ်ခူးနိုင်ခဲ့ခြင်းမျိုး မရှိခဲ့ဘဲ ရီးရဲလ်အသင်းနဲ့အတူ ၂၀၁၀-၁၁မှာ ကိုပါဒယ်ရေးဖလားသာ ရရှိခဲ့ ပါတယ်။  အဒီဘာယောဟာ နိုင်ငံ့လက်ရွေးစင်အသင်းအတွက်ပွဲအများဆုံးနဲ့ ဂိုးအများဆုံးသွင်းယူထား နိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ၈၇ ပွဲ ကစားကာ ၃၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
2 years Ago
Up