အထူးလေယာဉ်

June 6, 2020

ကိုရီးယား အပါအဝင် ၄ နိုင်ငံမှ မြန်မာနိုင်ငံသား ၁၃၃ ဦးကို အထူးလေယာဉ်ဖြင့် ပြန်ခေါ်

မြန်မာနိုင်ငံက လေဆိပ်တွေမှာ လေယာဉ်ဆင်းသက်ခွင့်ပိတ်ထားတာကြောင့် ကိုရီးယား၊ ကနေဒါ၊ အမေရိကန်၊ နီပေါနိုင်ငံတို့မှာ အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံသားတွေကို မနေ့က အထူးလေယာဉ်၊ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။ နီပေါနိုင်ငံမှာရောက်ရှိနေပြီး မြန်မာနိုင်ငံကိုပြန်ဖို့ အခက်အခဲကြုံနေရတဲ့ မြန်မာနိုင်ငံသား ၄၁ ယောက်ကို မနေ့က ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးတဲ့ အထူးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ရာမှာ ညနေ ၄ နာရီခွဲအချိန်မှာ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို အဆင်ပြေပြေပြန်ရောက်လာတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ သူတို့ ရောက်ရှိချိန်မှာ လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနဲ့ ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးအားကစား ဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသား ၉၉ ယောက်နဲ့ ကနေဒါနဲ့ အမေရိကန်တို့မှာရောက်နေတဲ့ မြန်မာနိုင်ငံသား ၃၄ ယောက်၊ စုစုပေါင်း ၁၃၃ ယောက်ကို မနေ့က အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်က တဆင့် Myanmar Airways International-MAI ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည် ခေါ်ဆောင်ခဲ့ပြီး ည ၈ နာရီအချိန်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်ရောက်လာပါတယ်။ ဒီနေ့အချိန်ထိ ပြည်ပမှာ အခက်ကြုံနေတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်၊ အထူးလေယာဉ်တွေနဲ့ ပြန်လည်ခေါ်ဆောင်နေရာမှာ မြန်မာနိုင်ငံသားစုစုပေါင်း ၃၁၀၉ ယောက်ကို ခေါ်ဆောင်နိုင်ခဲ့ပြီလို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
11 months Ago

February 4, 2020

ဝူဟန်မြို့ရှိ ထိုင်းနိုင်ငံသားများအား အထူးလေယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်

ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင်ရောဂါ စတင်ကူးစက်ပြန့်ပွားခဲ့တဲ့ တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေကို သွားရောက်ကြိုဆိုဖို့ အထူးစီမံထားတဲ့ ထိုင်းလေယာဉ်ဟာ ဖေဖော်ဝါရီလ ၄ ရက် မနက် ၇ နာရီလောက်မှာ ထိုင်းနိုင်ငံကနေ ထွက်ခွာသွားပါတယ်။  လက်ရှိ ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား စုစုပေါင်း ၁၄၂ ဦးရှိပြီး အဲဒီထဲမှာ ပညာတော်သင် တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ၊ အလုပ်သွားလုပ်နေသူတွေပါ ပါဝင်ပါတယ်။  သူတို့ကို အားလုံးကို သွားရောက်ခေါ်ဆောင်ဖို့ အဲအေးရှားလေကြောင်းလိုင်းက အခမဲ့ ဝန်ဆောင်မှုပေးတာဖြစ်ပြီး ဘန်ပမ်ရတ်နရာဒူရဆေးသိပ္ပံကျောင်း ညွှန်ကြားရေးမှူး ဒေါက်တာ အဖိချတ်ဝချီရဖန်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၀ ဦးပါ ဆရာဝန်တွေ၊ နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေက ဗိုင်းရပ်စ်ပိုး အကာအကွယ်ဝတ်စုံတွေ ဝတ်ဆင်သွားရောက်ကြိုဆိုနေတာပါ။  အဆိုပါ ခရီးစဉ်မှာ ထိုင်းဘုရင်ကြီးနဲ့ မိဖုရားကြီးက  ဝူဟန်ပြည်သူတွေအတွက် လိုအပ်တဲ့ ဆေးဝါးအသုံးအဆောင်ပစ္စည်းတွေပါ ကူညီထောက်ပံ့ပေးပို့ လိုက်ပါတယ်။ လေယာဉ်ဟာ ဒီနေ့မနက် ၇ နာရီ ၁၀ မိနစ်က ဘန်ကောက် ဒွန်းမောင်းလေဆိပ်ကနေ ထွက်ခွာသွားပြီး ဝူဟန်မြို့ကို မနက် ၁၁ နာရီ ခွဲလောက်မှာ ရောက်ရှိမှာဖြစ်ကြောင်း၊ ဝူဟန်မှာ တရုတ်အာဏာပိုင်နဲ့ တာဝန်ရှိသူတွေက  ထိုင်းနိုင်ငံသားတွေကို ကျန်းမာရေးစစ်ဆေးပြီး အခြေအနေကောင်းမွန်သူတွေကိုသာ ထိုင်းလေယာဉ်ပေါ် တက်ခွင့်ပြုမှာဖြစ်ကြောင်း၊ စစ်ဆေးချိန် ၅ နာရီခန့်ကြာမယ်လို့ ခန့်မှန်းရပြီး ထိုင်းနိုင်ငံကို ဒီည ၇ နာရီခွဲလောက်မှာမှ ပြန်ရောက်မယ်လို့ လေဆိပ်မှာ လိုက်လံပို့ဆောင်ခဲ့တဲ့ ထိုင်းကျန်းမာရေး ဒုဝန်ကြီး နိုင်းအနုထင်း ချန်းဝီရကွန်းက သတင်းထောက်တွေကို  ပြောပါတယ်။  အဆိုပါလေယာဉ်ဟာ ထိုင်းအရှေ့မြောက်ပိုင်း ရယောင်းခရိုင်ရှိ အူတဖောင် နိုင်ငံတကာလေဆိပ်ကို ဆိုက်ရောက်လာမှာဖြစ်ပြီး ဝူဟန်က ပြန်လာသူတွေကို  ဆတဟစ်ပ်မြို့နယ် ထိုင်းရေတပ်စခန်းမှာ ၁၄ ရက်ကြာထားရှိ ကျန်းမာရေး အခြေအနေ စောင့်ကြည့်ဦးမှာ ဖြစ်ပါတယ်။  အဆိုပါရေတပ်စခန်းရှိ ယာယီနားနေဆောင်တွေဟာ သာယာလှပတဲ့ ပင်လယ်ကမ်းစပ်နား တည်ဆောက်ထားတဲ့အတွက်  လေကောင်းလေသန့်ရရှိပြီး လူနေရပ်ကွက်နဲ့လည်း လွန်စွာအလှမ်းဝေးကြောင်း၊ သူတို့ကို ဆရာဝန်အဖွဲ့ နှစ်ဖွဲ့က ဦးဆောင် စောင့်ကြပ်ကြည့်ရှုမှာဖြစ်ပြီး ဝူဟန်ပြန်ပြည်သူတွေရဲ့ သက်ဆိုင်ရာမိသားစုတွေနဲ့တော့ တိုက်ရိုက်တွေ့ဆုံခွင့်ပေးဦးမှာ မဟုတ်ဘဲ ဗွီဒီယိုကောလ်နဲ့ ပြောဆိုနိုင်အောင်  စီစဉ်ပေးထားတယ်လို့ ထိုင်းကျန်းမာရေး ဒုဝန်ကြီးက ပြောပါတယ်။  ကိုးကား-  ချန်နယ် ၃ ထိုင်းတီဗွီသတင်း ၊ ထိုင်းရတ် ၊ Naewna
1 year Ago
Up