အထူးပြည်ဝင်ခွင့်ဗီဇာ

September 29, 2020

ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသွားများကို အထူးပြည်ဝင်ခွင့်ဗီဇာဖြင့် လက်ခံရန်စီစဉ်နေ 

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းတွေအတန်ကြာ ရပ်ဆိုင်းထားခဲ့ရတဲ့ ထိုင်းနိုင်ငံဟာ လက်ရှိအခြေအနေအရ နိုင်ငံခြားဧည့်သည်တွေ ပြန်လက်ခံဖို့အသင့်ရှိနေပြီလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။   ထိုင်းနိုင်ငံရဲ့ စီးပွားရေးပြန်လည်ထူထောင်နိုင်ဖို့အတွက် နိုင်ငံခြားခရီးသွားဧည့်သည် အုပ်စုတချို့ကို ပြန်လည်လက်ခံဖို့  ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာန၊  ကျန်းမာရေးဝန်ကြီးဌာနနဲ့  ဌာနဆိုင်ရာတွေဟာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေခဲ့တာမှာ အခုအခါ အဆင်သင့်ဖြစ်ပြီလို့ ထိုင်းဝန်ကြီးများရုံး ဒုပြောရေးဆိုခွင့်ရှိသူ နန်းဆောင် တလိုင်းဆူလီ တလိုင်ဆွန်ကွန်းက  စက်တင်ဘာ ၂၆ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။  အထူးသဖြင့် နိုင်ငံခြားဧည့်သည်တွေကို Special Tourist Visa (STV) အထူးပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးပြီး စင်းလုံးငှားလေယာဉ်အသေးစားနဲ့ လာရောက်စေကာ   ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်အောင် ပြင်ဆင်ထားတယ်လို့ ထိုင်းဝန်ကြီးများရုံးက ပြောပါတယ်။  ထိုင်းကို ဝင်လာမယ့်သူတွေအနေနဲ့  မလာခင်ကြိုတင်ထားရမယ့်အချက်နဲ့ ဝင်လာပြီးနောက် လိုက်နာနေထိုင်ရမယ့်အချက်တွေရှိကြောင်း၊ ခရီးမထွက်ခင် ကိုဗစ်-၁၉ ကင်းစင်ကြောင်း လွန်ခဲ့တဲ့ ၇၂ နာရီတွင်းက ဆေးစစ်ခဲ့တဲ့လက်မှတ်၊ ကိုဗစ်-၁၉ ကင်းစင်ကြောင်း ဆေးစစ်ချက်၊  ကျန်းမာရေးအာမခံကတ်၊ မိမိဆက်သွယ်ထားတဲ့ခရီးသွားကုမ္ပဏီအမည်၊ ထိုင်းရောက်စဉ် နေထိုင်ဆောင်ရွက်မယ့် အစီအစဉ်၊ တည်းခိုမယ့် နေရပ်လိပ်စာ၊ အသွားအပြန် လေယာဉ်လက်မှတ်တွေ ပြသရမယ့်အပြင် ထိုင်းမှာ နေထိုင်စဉ်ကာလ ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး သတ်မှတ်ချက်တွေ လိုက်နာပါမယ့်အကြောင်း ဝန်ခံလက်မှတ်ထိုးရမယ်လို့ ဆိုပါတယ်။  ထိုင်းနိုင်ငံထဲ ဝင်ရောက်လာပြီးနောက် ကွာရန်တင်း ၁၄ ရက် ဝင်ရမှာဖြစ်ကြောင်း အားကစားဝန်ကြီးဌာနက အဆိုပြုထားတဲ့ ကွာရန်တင်း ၇ ရက်ဘဲ ဝင်ဖို့ကိစ္စမှာ လောလောဆယ်မဖြစ်နိုင်သေးဘဲ နောက်မှတဖြည်းဖြည်းချင်း လျှော့သွားရမယ်လို့ ဝန်ကြီးများရုံးက ပြောပါတယ်။  အခုလို နိုင်ငံခြားခရီးသွားဧည့်သည်တွေ ဝင်ခွင့်ပြုလိုက်ခြင်းအားဖြင့် ၁ လကို ခရီးသွား ဧည့်သည် ၁၂၀၀ ခန့်ဝင်မယ်လို့ခန့်မှန်းပြီး ၁ လကို ဝင်ငွေ ၁၀၃၀၇၃၂၈၀၀ (ဘတ်သန်း  တစ်ထောင်ကျော်)  ဝင်ဖို့မျှော်လင့်ကြောင်း၊ ၁ နှစ်အတွင်း ခရီးသွားဧည့်သည်ပေါင်း ၁၄၄၀၀ ဦးနဲ့ တိုင်းပြည်ဝင်ငွေ ဘတ်သန်းပေါင်း ၁၂၃၆၈၇၉၃၆၀၀ ဘတ် ( ဘတ်သန်းပေါင်း တစ်သောင်းကျော် ) မျှော်လင့်တယ်လို့ ဆိုပါတယ်။  နိုင်ငံရပ်ခြားခရီးသွားတွေ၊ ထိုင်းပြည်သူတွေအနေနဲ့ ထိုင်းအစိုးရရဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်မှုကို ယုံကြည်စိတ်ချမှုရှိစေလိုကြောင်း၊ ထိုင်းမှာ ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှု မတွေ့ရတာ ရက်ပေါင်း ၁၀၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ  ကမ္ဘာပေါ်မှာ  ကိုဗစ်-၁၉ ထိန်းချုပ်နိုင်တဲ့ နိုင်ငံစာရင်းထဲ ပါဝင်ကြောင်း၊ နိုင်ငံထဲဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ကိုဗစ်-၁၉ ကူးစက်မှု စိုးရိမ်ပူပန်စရာမလိုဘဲ မိမိ မိသားစုနဲ့အတူ long stay ပုံစံပါ နေထိုင်နိုင်တယ်လို့  ထိုင်းဝန်ကြီးများရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။  ကိုးကား- CM108
8 months Ago
Up