အထူးစောင့်ရှောက်ရေးဇုန်

March 6, 2020

တောင်ကိုရီးယား ဂျောင်ဆန်းမြို့ကို အထူးစောင့်ရှောက်ရေးဇုန်သတ်မှတ်၊ ခရီးမသွားရန် သတိပေး

တောင်ကိုရီးယားနိုင်ငံ ဂျောင်ဆန်းမြို့ ဝန်းကျင်ကို အထူးစောင့်ရှောက်ရေးဇုန်အဖြစ် အစိုးရက မတ် ၅ ရက်မှာ ကြေညာပါတယ်။ လူတွေ အဲဒီဒေသကို ခရီးမသွားကြဖို့ သတိပေးပြီး မျက်နှာဖုံးလို ကာကွယ်ရေးပစ္စည်းတွေ ပိုစီစဉ်ပေးမယ်လို့ ကတိပြုလိုက်ပါတယ်။ ဆိုးလ်မြို့တော် အရှေ့တောင်ဘက် မိုင် ၁၅၀ အကွာက လူဦးရေ ၂ သိန်း ၈ သောင်းလောက် ရှိတဲ့ အဲဒီမြို့မှာ ကူးစက်မှုအသစ်တွေ တရှိန်ထိုး တိုးခဲ့ပါတယ်။ အိမ်နီးချင်း ဒေဂူမြို့နဲ့ ချောင်ဒိုမြို့နယ်တို့မှာလည်း အလားတူ အထူးဇုန်တွေကို ကြေညာခဲ့ပါတယ်။ မြို့တော် ကာကွယ်ရေးစစ်ဌာနချုပ်က စစ်သားတွေကလည်း ဗိုင်းရပ်စ်ကာကွယ်ရေး ဝတ်စုံတွေဝတ်ပြီး ဂမ်းနမ်ခရိုင်က လမ်းတွေကို မတ် ၅ ရက်နေ့ ပိုးသတ်ခဲ့ပါတယ်။  ဒီသီတင်းပတ်အတွင်း တောင်ကိုရီးယားနိုင်ငံထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ အယောက် ၅၆၀၀ ကျော်ခဲ့လို့ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းခွင်ထဲက မျက်နှာဖုံးဝတ် လုပ်သားတွေ အလုပ်များကုန်ပါတယ်။  အီလက်ထရောနစ် စီးပွားရေးလုပ်ငန်း ကူဖန်ကော်ပိုရေးရှင်းက အသင့်နွှေးပြီး စားသောက်နိုင်တဲ့ ထမင်းဟင်းဘူးတွေ၊ မီးဖိုချောင်သုံး ပစ္စည်းတွေ အပါအဝင် ထောင်နဲ့ချီတဲ့ ဘူးတွေကို ပိုးသတ်ထားတဲ့ ကုန်ကားတွေနဲ့ လိုက် ဖြန့်ဖြူးပေးနေရတယ်လို့ ကုန်စည်ဖြန့်ဖြူးရေး ယာဉ်မောင်းတဦးက ပြောပါတယ်။  ကိုရိုနာဗိုင်းရပ်စ် မကူးစက်ခင်တည်းက တောင်ကိုရီးယားဟာ တရုတ်နဲ့ အမေရိကန်ပြီးရင် အီလက်ထရောနစ် စီးပွားရေးဈေးကွက်မှာ ကမ္ဘာ့ အဆင့် ၃ ဖြစ်လာဖို့ ရည်မှန်းထားခဲ့တာလို့ ယူရိုမော်နီတာ အဖွဲ့က ဆိုပါတယ်။ ခုတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှု ထိန်းချုပ်ရေးအတွက် လူတွေက အွန်လိုင်းကနေ ဈေးဝယ်နေကြတာ ပိုများလာပါတယ်။ “ဖောက်သည်တွေက အပြင်ထွက် ဈေးဝယ်ဖို့ တွန့်ဆုတ်နေကြတယ်။ စားနပ်ရိက္ခာနဲ့ အိမ်သုံးပစ္စည်းတွေ ဒီနေ့မှာရင် နောက်နေ့ ပို့ပေးမှာဆိုတော့ လူတွေက အွန်လိုင်းကနေ ဈေးဝယ်တာ ပိုသုံးလာကြတယ်လို့ ထင်တယ်” လို့ ကုန်စည်ဖြန့်ဖြူးရေး ယာဉ်မောင်းက ဆိုပါတယ်။ ဖေဖော်ဝါရီ လလယ်ပိုင်းကနေ အခုထိ ကူဖန် ကော်ပိုရေးရှင်း တခုတည်းက တရက်ကို ကုန်စည်ဖြန့်ဖြူးမှု ၃ သန်းထိ တာဝန်ယူ ပို့ဆောင်နေရပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၂၈၄ ဦး၊ သေဆုံးသူ ၄၀ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၁၃၅ ဦးရှိတယ်လို့ သိရပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၉၈၄၂၁ ဦး၊ သေဆုံးသူ ၃၃၈၅ ဦးနဲ့ ရောက်ဂါသက်သာပျောက်ကင်းလာသူ ၅၅၆၃၀ ဦးရှိတယ်လို့ သရပါတယ်။
2 years Ago
Up