ရှမ်းပြည်နယ်က မူးယစ်ဆေးဝါးအမှုတခုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) က အရာရှိ ၂ ဦးကို ခေါ်ယူစစ်ဆေးနေပါတယ်။
ပထမတဦးကတော့ စသုံးလုံးက စုံစမ်းရေးမှူး ကိုသူရဝင်းဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က ရှမ်းပြည်နယ် ပင်လောင်း၊ မှော်ဘီဘက်သွားတဲ့ ကားလမ်း မိုင်တိုင်အမှတ် ၄၂/၃ အနီးမှာ သူမောင်းနှင်တဲ့ကားက ကျပ်သိန်း ၄၈၀၀၀ ကျော်ရှိတဲ့ ဘိန်းညိုမှုန့် ဆာလာအိတ် ၃၀ နဲ့အတူ လက်နက်နဲ့ကျည်ဆန်တွေပါ တွေ့ရလို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက်မှာတော့ သူနဲ့အတူပါလာတဲ့ ဦးမောင်မောင်ဆိုသူကို စစ်ဆေးရာမှာ အရပ်သား ၂ ဦးကိုပါ ကွင်းဆက်အဖြစ် ထပ်ဖမ်းထားပြီး နေပြည်တော်မှ စသုံးလုံးအရာရှိ တဦးလည်း ထပ်မံထိန်းသိမ်း စစ်ဆေးနေတာပါ။
အခုစစ်ဆေးနေတဲ့ စသုံးလုံးက စုံစမ်းရေးမှူး ကိုသူရဝင်းနဲ့ ကိုအောင်စိုးမိုးတို့ကတော့ မူးယစ်ဆေးဝါး သယ်ဆောင်ရာမှာ ပါဝင်ကူညီသူတွေ ဖြစ်တယ်လို့ နေပြည်တော် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့မှ ဒု-ရဲမှူးကြီး စိုးလင်းအေးက ဒီဗွီဘီကို ပြောပါတယ်။
7 years Ago