အထီးကျန်မှုကို ဖော်ပြထားသည့် ပေါ့ပ်စတား လေဒီဂါဂါ၏ မှတ်တမ်းရုပ်ရှင် ထုတ်လွှင့်မည်

August 28, 2017

အထီးကျန်မှုကို ဖော်ပြထားသည့် ပေါ့ပ်စတား လေဒီဂါဂါ၏ မှတ်တမ်းရုပ်ရှင် ထုတ်လွှင့်မည်

နာမည်ကျော် အမေရိကန်ပေါ့ပ်စတားတဦးဖြစ်တဲ့ လေဒီဂါဂါအကြောင်း နက်တ်ဖလစ်စ် (Netflix) က ရိုက်ကူးခဲ့ပြီး မကြာခင်မှာ ထုတ်လွှင့်သွားမယ်လို့ ဆိုပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကို 'Gaga: Five Foot Two' လို့ နာမည်ပေးထားခဲ့ပြီး အမေရိကန် ဒါရိုက်တာ ခရစ္စမိုကာဘယ်လ်က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ လေဒီဂါဂါကို စတိတ်စင်ပေါ်မှာ ဖျော်ဖြေနေသူတယောက်အနေနဲ့ မဟုတ်ဘဲ သူ့ရဲ့နေအိမ်မှာ တွေ့ရမှာဖြစ်ကာ နေ့စဉ် အခက်အခဲတွေ၊ လူမှုရေးနဲ့ ကျန်းမာရေးပြဿနာတွေကြားမှာ သူ့ရဲ့ဘဝဖြတ်သန်းမှုတွေကို တွေ့မြင်ကြရမှာပါ။ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ 'Joanne' အယ်လ်ဘမ်ကို အသံသွင်းယူခဲ့ပြီးနောက် ဖြန့်ချိခဲ့တဲ့အထိ ၈ လတာ ကာလကို ရိုက်ကူးထားတာဖြစ်ပြီး ခင်ပွန်းလောင်း တိုင်လာ ကင်နီနဲ့ လမ်းခွဲပြီး တကိုယ်တည်းဖြစ်နေတဲ့ လေဒီဂါဂါရဲ့ ဖြတ်သန်းမှုအဖြစ် ဒါရိုက်တာက ပုံဖော်ရိုက်ကူးထားခဲ့ပါတယ်။ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ဂါဂါက သူ့ရဲ့ အင်စတာဂရမ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မှတ်တမ်းရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်းတချို့ကို မျှဝေခဲ့ပြီး အထီးကျန်ဆန်ရခြင်းအတွက် ကြောက်စိတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာကို တွေ့ရပါတယ်။ လာမယ့် စက်တင်ဘာ ၈ ရက်နေ့ ကနေဒါနိုင်ငံမှာ ကျင်းပမယ့် တိုရွန်တို နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက် ပြသသွားမှာဖြစ်ပြီး နက်တ်ဖလစ်စ်ရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာပေါ်မှာတော့ စက်တင်ဘာ ၂၂ ရက်နေ့ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
4 years Ago
Up