အထိမ်းအမှတ်

March 9, 2019

အမျိုးသမီးနေ့အထိမ်းအမှတ် WLB နှင့် ၈၈ နိုင်ကျဉ်းအမျိုးသမီးများ ချစ်ကြည်ရေး ဘောလုံးကစား

မတ်လ ၈ ရက်နေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB နဲ့ ၈၈ နိုင်ကျဉ်းအမျိုးသမီးများအဖွဲ့တို့ ချစ်ကြည်ရေး ဘောလုံးကစားခဲ့ကြပါတယ်။ ရန်ကုန်ယူနိုက်တက် ဖူဆယ်ကွင်းမှာ မိနစ် ၂၀ ကြာစီ ၃ ပွဲခွဲပြီး ၁ နာရီကြာ ကစားခဲ့ကြတာပါ။ WLB အဖွဲ့မှာ တိုင်းရင်းသားအမျိုးသမီးတွေ ပါဝင်ကစားခဲ့ကြတာဖြစ်ပြီး ၈၈ နဲ့နိုင်ကျဉ်း အမျိုးသမီးအဖွဲ့မှာတော့ ဗမာအများစု ပါဝင်ကစားခဲ့ကြတာ ဖြစ်တဲ့အတွက် ဖက်ဒရယ်ပြည်ထောင်စုသွားမယ့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးစဉ် အောင်မြင်စေဖို့ တိုင်းရင်းသားအမျိုးသမီးထုအားလုံး ပူးပေါင်ချစ်ကြည်ရင်းနှီးစေဖို့လည်း ရည်ရွယ်တယ်လို့ WLB က ပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ တိုင်းရင်းသားအမျိုးသမီးအများစုပါဝင်တဲ့ WLB အသင်းက ၈၈ နဲ့ နိုင်ကျဉ်းအဖွဲ့ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
3 years Ago

February 13, 2018

မုံရွာမြို့တွင် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် လက်မှုပညာပြပွဲ ပြုလုပ်

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၃ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ်  မုံရွာမြို့၊ ကန်သာယာပန်းခြံမှာ လက်မှုပညာရှင် ၁၃ ဦး စုပေါင်းပြီး လက်မှုပညာပစ္စည်းလေးတွေကို အများပြည်သူ လေ့လာကြည့်ရှုနိုင်အောင် ဒီကနေ့ ခင်းကျင်းပြသနေပါတယ်။ ရခိုင်၊ လားရှိုး၊ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ မုံရွာတို့က လက်မှုပညာရှင် အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့က သူတို့ လုပ်ဆောင်ထားတဲ့ လက်မှုပညာပစ္စည်းလေးတွေကို ပြသခဲ့ပါတယ်။ အဆောက်အဦတွေ၊ ဗိုလ်ချုပ်ပုံရုပ်တုတွေ၊ ယာဉ်အမျိုးမျိုးရဲ့ ပုံစံငယ်တွေကို  ဝါး၊ သစ်သား၊ သံ၊ ပလတ်စတစ်၊ စွန့်ပစ္စည်း စတာတွေနဲ့ ပြုလုပ်ဖန်တီးပြီး ခင်းကျင်းပြသထားတာ ဖြစ်ပါတယ်။ ပြပွဲစီစဉ်သူ ကိုကွန်းကျော်က "အခုလို စုပေါင်းပြီး ပြပွဲလုပ်တာကတော့ ပထမဆုံးအကြိမ်ပါ။ ဒီလို ပြသနိုင်ဖို့ ၂ နှစ်လောက် အချိန်ယူခဲ့ရပါတယ်။ ဗိုလ်ချုပ်မွေးနေ့မှာ ပြတာကတော့ ဗိုလ်ချုပ်က လူငယ်တွေရဲ့ စံပြပုဂ္ဂိုလ်၊ ကျနော်တို့ လေးစားရတဲ့ပုဂ္ဂိုလ် ဖြစ်လို့ နောင်လာနောက်သားတွေ မမေ့စေဖို့ ဒီနေ့ကို သတ်မှတ်ပြီး ရွေးခဲ့တာပါ။ ဒီနေ့ပြပွဲမှာ အချို့ လက်မှုပညာရှင်တွေတော့ အကြောင်းအမျိုးမျိုးကြောင့် လူကိုယ်တိုင် မလာနိုင်ခဲ့ပါဘူး။ နောက်ထပ်လည်း ဒီလိုပြပွဲတွေ လုပ်ဆောင်သွားဦးမှာပါ"လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒီနေ့ပြပွဲမှာ လာရောက်လေ့လာကြည့်ရှုကြသူတွေကို ပဲပြုတ်၊ နံပြား၊ ရေသန့်တွေလည်း ဝေငှခဲ့ပြီး လက်မှုပညာရှင် ဖိုးဝလုံးရဲ့ ဗိုလ်ချုပ်ပုံတူ ပလာစတာအရုပ် ၁၀၃ ရုပ်ကိုလည်း မဲဖောက်ပေးခဲ့ပါတယ်။ ပြပွဲကို ကလေးသူငယ်၊ ကျောင်းသား ကျောင်းသူတွေ၊ လက်မှုပညာ စိတ်ဝင်စားသူတွေလည်း လာရောက်လေ့လာ ကြည့်ရှုခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့မှာ မုံရွာမြို့က အဖွဲ့အစည်းအသီးသီးကလည်း ဗိုလ်ချုပ်ကို ဂုဏ်ပြုတဲ့အနေနဲ့ အထိမ်းအမှတ်ပွဲတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။
4 years Ago
Up