အထည်ချုပ်ဝန်ထမ်း

A d v e r t i s e m e n t With Us

April 23, 2020

ပုသိမ်ဆေးရုံတွင် အထည်ချုပ်ဝန်ထမ်း ၁ ဦးကို သံသယလူနာအဖြစ် စောင့်ကြည့်နေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ အထည်ချုပ်စက်ရုံဝန်ထမ်း အမျိုးသမီး ၁ ဦးကို သံသယလူနာအဖြစ် စောင့်ကြည့်နေတယ်လို့  ဆေးရုံအုပ်ကြီးက ဒီဗွီဘီ ပြောပါတယ်။ သံသယလူနာအဖြစ်စောင့်ကြည့်ခံနေရတဲ့ အသက် ၂၀ အရွယ် အမျိုးသမီးဟာ ဧပြီ ၂၃ ရက် မနက် အစောပိုင်းက ဆေးရုံတက်ရောက်လာတာဖြစ်ပြီး လောလောဆယ်တော့ ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က "ချောင်းဆိုးနေတာ သူက မနက်က ၂ နာရီကျော်လောက် သူဘာသာ ဆေးရုံတက်လာတာပါ။ ဓာတ်ခွဲ စစ်ဆေးဖို့ လိုအပ်တာတွေယူပြီး ရန်ကုန်ကို အခု ပို့လိုက်ပါပြီ သံသယဆိုတော့ ဒီညအဖြေမှာ ပါချင်မှ ပါမယ် " လို့ ပြောပါတယ်။ သံသယလူနာအဖြစ်စောင့်ကြည့်ခံနေရတဲ့ အထည်ချုပ်စက်ရုံဝန်ထမ်းအမျိုးသမီးဟာ ဧပြီ ၈ ရက်နေ့ သင်္ကြန်ကာလ ရုံးပိတ်ရက်ကစပြီး အလုပ်ပြန်ဖွင့်ချိန်မှာ အလုပ်ပြန်ဆင်းတာမျိုးတော့ မရှိခဲ့ဘူးလို့ ဆရာဝန်ကြီးကပြောပါတယ်။ ပုသိမ်မြို့မှာ သင်္ကြန်ကာလက ပိတ်ထားခဲ့တဲ့ အထည်ချုပ်စက်ရုံတွေ ဧပြီ ၂၀ ရက်က ပြန်ဖွင့်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးတာတွေ အဆင်သင့်မဖြစ်သေးတာနဲ့ စက်ရုံဝန်ထမ်းတွေ တန်းစီပြီး လူစုလူဝေးပုံစံမျိုးဖြစ်နေတာကြောင့် ဒေသခံပြည်သူတွေအကြား ဝေဖန်မှုတွေနဲ့အတူ စိုးရိမ်မှုတွေမြင့်တက်လာခဲ့လို့ ဧပြီ ၂၂ ရက်က စတင်ပြီး လကုန်အထိ စက်ရုံတွေပိတ်ထား ပါတယ်။ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ ဧပြီ ၁၆ ရက်က အထည်ချုပ်စက်ရုံက တရုတ်စကားပြန် အပါအဝင် ဝန်ထမ်း ၃ ဦးကို COVID-19 ရောဂါသံသယရှိလို့ စောင့်ကြည့်တာတွေ ပြုလုပ်ခဲ့ရပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
11 months Ago

April 17, 2020

ပုသိမ်ဆေးရုံတွင် စောင့်ကြည့်နေသည့် အထည်ချုပ် ဝန်ထမ်း ၃ ဦး ရောဂါပိုးမတွေ့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ သံသယလူနာအဖြစ် ဆေးရုံမှာ စောင့်ကြည့်ခဲ့တဲ့ အထည်ချုပ်စက်ရုံဝန်ထမ်း ၃ ဦးမှာ ရောဂါပိုး မတွေ့ရှိရပေမဲ့ ၄၈ နာရီ စောင့်ကြည့်သွားမယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ ဆေးရုံမှာ စောင့်ကြည့်ခဲ့သူ ၃ ဦးရဲ့ ဓာတ်ခွဲနာမူနာတွေကို ဧပြီ ၁၅ ရက်နေ့က ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနကို ပို့ဆောင်ခဲ့ပြီး ဧပြီ ၁၇ ရက်နေ့ မနက်ပိုင်း ဓာတ်ခွဲအဖြေရလဒ်အရ ရောဂါပိုးမတွေ့ဘူးလို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ဒီဗွီဘီကိုပြောပါတယ်။ "ခုချိန်မှာ အားလုံးက ကျန်းမာရေးကောင်းပါတယ်။ ဓာတ်ခွဲအဖြေရလဒ်ထွက်လာတော့ ပိုးတွေ့တာ မရှိဘူး။ ဒါပေမယ့် ၄၈ နာရီစောင့်ကြည့်သွားဦးမယ်၊ သူတို့ကလည်း ဒီရောဂါလက္ခဏာ တော့ သိပ်မတွေ့ဘူး၊ သံသယကင်းအောင် စစ်တာဖြစ်ပါတယ်။"  အဲဒီ ၃ ဦးထဲမှာ တရုတ်ဘာသာပြန်ဖြစ်တဲ့ အမျိုးသားက ပုသိမ်ဆေးရုံကို ဧပြီ ၁၅ ရက်နေ့က လာတက်တာ၊ ဒုတိယတဦးက အပြင်ဆေးခန်းတွေမှာ လိုက်ပြနေလို့ ဆေးရုံကြီးကို ခေါ်ထားရတာ ဖြစ်ပြီး နောက်ဆုံးတဦးကတော့ ဆေးရုံကို ဧပြီ ၁၆ ရက်နေ့ မနက် ၁၁ နာရီလောက်က ရောက်လာလို့ သီးသန့်ခွဲထားပြီး စစ်ဆေးတာတွေ ပြုလုပ်ခဲ့တာပါ။ အဲဒီဝန်ထမ်း ၃ ဦးဟာ စက်ရုံမတူသလို ဘာသာပြန် ၁ ဦး၊ ကွန်ပျူတာသမား ၁ ဦးနဲ့ အထည်ချုပ်ပိုင်းက ၁ ဦးတို့ဖြစ်ပြီး လည်ချောင်းနာတာ၊ ဖျားတာ၊ ချောင်းဆိုတာ စတဲ့ လက္ခဏာတွေ ရှိတာကြောင့် စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။ အဲဒီ ၃ ဦးကို ၄၈ နာရီစောင့်ကြည့်တာတွေပြုလုပ်ပြီး ကျန်းမာရေးကောင်းမွန်ရင် အိမ်ပြန်ခွင့်ပြုမှာဖြစ်သလို အပြင်မထွက်ဘဲ အိမ်မှာ ၇ ရက်နေထိုင်ဖို့နဲ့ ကျန်းမာရေး အသိပညာပေးတာတွေ လုပ်ဆောင်သွားမယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ဒီဗွီဘီကို ပြောပါတယ်။ ပုသိမ်မြို့မှာ ရှိတဲ့ အထည်ချုပ်စက်ရုံ ၈ ရုံကို သင်္ကြန်ပိတ်ရက်နဲ့တိုက်ပြီး ဧပြီ ၉ ရက်က စတင်ကာ ၁၀ ရက် ပိတ်ထားခဲ့တာပါ။  အဆိုပါ အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားအင်အား ၁၀၀၀၀ နီးပါးရှိပြီး  ဧပြီ ၂၀ ရက်နေ့ စတင်အလုပ်ပြန်ဆင်းရမှာလို့ အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဧရာဝတီတိုင်းအတွင်း အထည်ချုက်စက်ရုံတွေ မပိတ်ပေမယ့် ဝန်ကြီးဌာနရဲ့ ကျန်းမာရေးအသိ ပညာပေးထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာမှုမရှိတဲ့ စက်ရုံတွေကို သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ တိုင်းအစိုးက ပြောဆိုထားပါတယ်။ မင်းထက်မုန်း (ပုသိမ်)
11 months Ago
Up