အထည်ချုပ်စက်ရုံ

A d v e r t i s e m e n t With Us

January 25, 2021

Unique HTT အထည်ချုပ်စက်ရုံ အလုပ်သမားခေါင်းဆောင် ၇ ဦး တရားစွဲခံရ

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Unique HTT အထည်ချုပ်ရုံ အလုပ်သမား ခေါင်းဆောင် ၇ ဦးကို အလုပ်ရှင်က အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၄၇ နဲ့ တရားစွဲဆိုလိုက်တယ်လို့ မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က အလုပ်သမား ၁၁၀၀ ကျော်ဟာ ၈ နှစ်ဝန်းကျင် အလုပ်လုပ်လာခဲ့တဲ့အပေါ် ဥပဒေပါခံစားခွင့် ၁၈ ချက်ကို တောင်းဆိုကြပြီး အဲဒီထဲက ၁၆ ချက် ပြေလည်မှုရရှိခဲ့ပါတယ်။ 

Grate ကြေးနဲ့ ကျွမ်းကျင်ကြေး နှစ်ချက်ကျန်ရှိနေပြီး ဇန်နဝါရီ ၁၉ ရက်နေ့မှာ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီမှုစာချုပ်ချုပ်ဆိုကာ ညှိနှိုင်းမှု ပြေလည်ခဲ့တာပါ။ ဒါပေမဲ့ ဇန်နဝါရီ ၂၂ ရက်နေ့မှာ အလုပ်ရှင်က အလုပ်သမားခေါင်းဆောင် ၇ ဦးကို တရားစွဲဆိုလိုက်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့ကို တရားရုံးက ဆင့်ခေါ်ထားပါတယ်။ 

ဒေါ်မိုးစန္ဒာမြင့်က အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေဆိုတာ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနကပဲ တရားစွဲဆိုပိုင်ခွင့်ရှိပြီး အလုပ်သမားတွေရဲ့ ကျန်ရှိနေတဲ့ ခံစားခွင့် တောင်းဆိုချက် ၂ ချက်ကို သဘောမတူရင် အလုပ်သမားတွေက စာချုပ်ချုပ်ဆိုမှာ မဟုတ်ပါဘူး။ အခုလို ပြေလည်မှုရယူပြီးမှ တရားစွဲဆိုတာဟာ အလုပ်ရှင်ဟာ ဥပဒေကို ဂရုမစိုက်တဲ့ ပုံစံဖြစ်နေတယ် လို့ ပြောပါတယ်။

Unique HTT အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁,၁၀၀ ကျော် အလုပ်လုပ်ကိုင်နေကြပြီး အလုပ်ရှင်ဟာ ရွှေလင်ဗန်းစက်မှုဇုန် ဇုန်ကော်မတီဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ 

ဇန်နဝါရီ ၂၂ ရက်နေ့ ညနေပိုင်းက စက်ရုံဝန်ထမ်းတွေ အိမ်ပြန်ချိန်မှာ အလုပ်သမား ခေါင်းဆောင်တဦးရဲ့ ဦးခေါင်းကို အမည်မသိလူနှစ်ဦးက သံတုတ်နဲ့ ပြင်းထန်စွာ ရိုက်နှက်မှုဖြစ်ခဲ့ပြီး လှိုင်သာယာအ​ရှေ့ပိုင်းရဲစခန်းမှာ ဒီနေ့မနက် အမှုသွားဖွင့်မယ်လို့ သိရပါတယ်။

သတင်း - Ei Thazin Khine ၊ Photo- FGWMEi

2 days Ago

December 19, 2020

Myanmar Liang Yida စက်ရုံက အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃၀၀ ကျော် အလုပ်ထုတ်ခံရ

လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်ကွင်းစက်မှုဇုန် Myanmar Liang Yida အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃၁၅ ဦးကို ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ကြောင်း ကြေညာစာကပ်ခဲ့တယ်လို့ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ မအေးမြခိုင်က ပြောပါတယ်။   အခုလို ရုတ်တရက် အလုပ်ထုတ်လိုက်တာကြောင့် ဒီဇင်ဘာ ၁၉ ရက်နေ့မနက်ပိုင်းက စက်ရုံရှေ့မှာ အလုပ်ထုတ်ခံရတဲ့ သမဂ္ဂအဖွဲ့ဝင်တွေ လာရောက်စုဝေးမှု ဖြစ်ပေါ်ခဲ့ပါတယ်။ သမဂ္ဂအဖွဲ့ဝင် ၃၁၅ ယောက်ထဲက အယောက် ၂၀၀ ကျော်ဟာ မနက် ၉ နာရီကျော်ကတည်းက အလုပ်ထုတ် နစ်နာကြေးယူပြီး နေအိမ် ပြန်သွားကြပြီလို့ သိရပါတယ်။ စက်ရုံဘက်က အစိုးရက သတ်မှတ်ထားတဲ့ နစ်နာကြေးအတိုင်း အပြည့်အဝမပေးသေးဘဲ ၃ သောင်းနီးပါးလောက် ကျန်ရှိနေသေးတဲ့အတွက်ကြောင့် နစ်နာကြေးမယူတဲ့ သမဂ္ဂအဖွဲ့ဝင်တချို့ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ကျန်ရှိနေတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃၀ ကျော်က သူတို့ကို ကူညီပေးမယ့် အထည်ချုပ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဆီကို သွားရောက်နေကြတယ်လို့ သိရပါတယ်။ “အလုပ်သမားသမဂ္ဂကို အကြောင်းကြားခြင်းမရှိဘဲ ကိုဗစ်ကြောင့် လူလျှော့ချတယ်ဆိုပြီး အခုလို အလုပ်ထုတ်ခံရတဲ့အပေါ် ခံပြင်းပြီး သမဂ္ဂအဖွဲ့ဝင်တချို့ရဲ့ မညီညွှတ်မှုကြောင့်လည်း စိတ်ဓာတ်ကျရတယ်။ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီတို့နဲ့လည်း ညှိနှိုင်းခွင့်မပေးဘူး” လို့ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ မအေးမြခိုင်က ပြောပါတယ်။ အဆိုပါစက်ရုံမှာ အလုပ်သမားစုစုပေါင်း ၈၀၀ ကျော်ရှိပြီး အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၅၀၀ ကျော်ထဲက ၃၁၅ ယောက် အလုပ်ထုတ်ခံရတာပဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဥပဒေအရ ဘယ်လို ဆောင်ရွက်ကြမလဲဆိုတာကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။ သတင်း - အိသဇင်ခိုင်၊ ဓာတ်ပုံ - အလုပ်သမားတစ်ဦးဆီမှ ကူးယူဖော်ပြသည်။
1 month Ago
More News
Up