အထည်ချုပ်စက်ရုံ

May 22, 2019

Myanmar Hoa Yaung အထည်ချုပ်စက်ရုံ လုပ်သားများ အလုပ်ရှင်နှင့် ပြေလည်မှုရရှိ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ Myanmar Hoa Yaung အထည်ချုပ်စက်ရုံက အလုပ်သမားတွေနဲ့ အလုပ်ရှင်အကြား ဖြစ်ပွားခဲ့တဲ့ လုပ်ခလစာ  အငြင်းပွားမှုဟာ မနေ့ညက ပြေလည်မှုရရှိခဲ့တယ်လို့ အလုပ်သမားခေါင်းဆောင် မအေးမြမြသင်းက ပြောပါတယ်။ နိုင်ငံခြားသားပိုင် Myanmar Hoa Yaung အထည်ချုပ်စက်ရုံရှိ အလုပ်သမား ၂၀၀ လောက်ဟာ အလုပ်ရှင်ဘက်က အထည်ကြေးဖြတ်တောက်မှုနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနဲ့ ညှိနှိုင်းဖြေရှင်းပေးဖို့ မေ ၂ဝ ရက်က ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးရှေ့မှာ လာရောက် တောင်းဆိုခဲ့ကြပါတယ်။ မေလ ၂၁ ရက်နေ့တော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် အပါအဝင် အလုပ်သမားကိုယ်စားလှယ် ၅ ဦးနဲ့ အလုပ်ရှင် တွေ့ဆုံညှိနှိုင်းခဲ့ကြရာ ည ၇ နာရီမှာ ပြေလည်မှုရရှိခဲ့ကြတယ်လို့ သိရပါတယ်။
3 years Ago

February 9, 2018

ထိုးကြိတ်ခဲ့သည့် မန်နေဂျာကို အရေးယူပေးရန် ဆီဒူနိုအထည်ချုပ်စက်ရုံ လုပ်သားများ ဆန္ဒပြ

ရန်ကုန် လှိုင်သာယာမြို့နယ်ရှိ ဆီဒူနို မြန်မာအထည်ချုပ်စက်ရုံက အချိန်ပိုမဆင်းတဲ့ အလုပ်သမား ၃ ဦးကို ဖယ်ရီကား ပေးမစီးဘဲ စက်ရုံမန်နေဂျာ ၃ ဦးက ထိုးကြိတ် ရိုက်နှက်တဲ့အပေါ် မန်နေဂျာတွေကို အရေးယူပေးဖို့ အလုပ်သမား ၃၀၀ လောက်က ဆန္ဒပြ တောင်းဆိုနေပါတယ်။ အဲဒီစက်ရုံမှာ အလုပ်သမား ၆၀၀ လောက်ရှိပြီး စက်ရုံထဲမှာရှိတဲ့ အလုပ်သမား ၃၀၀ လောက်ဟာ ဖေဖော်ဝါရီ ၂ ရက်ညကစပြီး စက်ရုံပြင်ပမှာ ဆန္ဒပြ တောင်းဆိုနေတာပါ။ အဲဒီဆန္ဒပြတောင်းဆိုတာနဲ့ ပတ်သက်လို့ အလုပ်ရှင်ဘက်က နှစ်ကြိမ် ညှိနှိုင်းခဲ့ပေမယ့် အလုပ်သမားတွေရဲ့ တောင်းဆိုမှုကို လိုက်လျောမှုမရှိတာကြောင့် ဆက်လက် ဆန္ဒထုတ်ဖော်နေတာပါ။ အလုပ်သမားတွေကို ခွဲခြားဆက်ဆံတာ၊ အချိန်ပိုခေါ်တဲ့အခါ လူရွေးခေါ်ယူတာ၊ အချိန်ပိုကြေး လျှော့ပေးဖို့နဲ့ လုပ်ခလစာ လျှော့ပေးဖို့ ပြောဆိုမှုတွေကြောင့် အလုပ်သမားတွေက အချိန်ပိုမဆင်းကြတဲ့အပေါ် အလုပ်ရှင်ဘက်က ဖယ်ရီကား မစီစဉ်ပေးရာကနေ ပြဿနာဖြစ်တာလို့ အလုပ်သမားခေါင်းဆောင် ဒေါ်ယဉ်မေမြင့်က ပြောပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ အချိန်ပိုမဆင်းတဲ့ အလုပ်သမားတချို့က ဖယ်ရီကားပေါ် တက်စီးရာကနေ စက်ရုံမန်နေဂျာတဦးက ဆွဲချဖို့ ညွှန်ကြားခဲ့ပြီး မန်နေဂျာနှစ်ဦးနဲ့ လုံခြုံရေး ဝန်ထမ်းတဦးက အမျိုးသမီး သုံးဦးကို အကြမ်းဖက် ရိုက်နှက်ခဲ့တာကြောင့် အလုပ်သမားတွေ ဆန္ဒပြ တောင်းဆိုကြတာ ဖြစ်ပါတယ်။ တရုတ်လူမျိုးပိုင် ဆီဒူနို(မြန်မာ) ဖက်ရှင် အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ တရက်ကို ငွေကျပ် ၄၀၀၀နဲ့  အချိန်ပိုကြေး တနာရီကို ငွေကျပ် ၁၀၀၀ ရရှိတယ်လို့ သိရပါတယ်။ အဲဒီစက်ရုံက အလုပ်သမားတွေဟာ အရင်နှစ်ကလည်း အလုပ်သမား အခွင့်အရေး မရရှိတာကြောင့် စက်ရုံထဲမှာ အလုပ်ဆင်းရင်း ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ခဲ့တာရှိပါတယ်။ လက်ရှိအချိန်အထိ အလုပ်ရှင်ဘက်ကနေ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၁၃ ဦးကို အလုပ်ကနေ ထုတ်ထားပါတယ်။
4 years Ago
Up