အထက်အရာရှိများ

May 3, 2020

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဗိုလ်ချုပ်အဆင့်နှင့်အထက်အရာရှိများ လစာ လေးပုံတပုံ လှူမည်

ဗိုလ်ချုပ်အဆင့်နဲ့ အထက်အရာရှိတွေရဲ့ လစာ လေးပုံတပုံကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရာမှာသုံးစွဲဖို့ ၆ လဆက်တိုက်လှူဒါန်းမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ် အဆင့်နဲ့အထက် တပ်မတော်အရာရှိကြီးတွေက တလစာ လစာရဲ့ လေးပုံတပုံ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်တွေနဲ့ အရပ်သားအစားခန့်ဝန်ထမ်းတွေက သူတို့လစာငွေရဲ့ တရက်လုပ်ခလစာကို လှူဒါန်းတာ ၂ ကြိမ်ရှိပြီ ဖြစ်ပါတယ်။ ပထမအကြိမ်တုန်းက ဧပြီလစာကနေ လှူဒါန်းတာဖြစ်ပြီး စုစုပေါင်း ကျပ်သိန်း ၂ သောင်းကျော်၊ ဒုတိယအကြိမ်မှာတော့ စုစုပေါင်း ကျပ်သိန်း ၂၁၅၀၀ ကျော်  (၂ ဒသမ ၁၅၉ ဘီလီယံကျော်) လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်အဆင့်နဲ့အထက် တပ်မတော်အရာရှိကြီးတွေအနေနဲ့ တလစာဝင်ငွေရဲ့ လေးပုံတပုံကို ၆ လဆက်တိုက် လှူဒါန်းသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။    ဒီငွေတွေကို တိုင်းစစ်ဌာနချုပ်နယ်မြေတွေအလိုက် ပြည်သူ့ဆေးရုံတွေမှာ လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေ လှူဒါန်းတာ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေနဲ့  နေရာကန့်သတ်စောင့်ကြည့်မှုစနစ်(Quarantine) ဆောင်ရွက်တာတွေမှာ သုံးနေတယ်လို့ ဆိုပါတယ်။
12 months Ago
Up