အထက်လွှတ်တော်အမတ်

January 11, 2021

ထရမ့် ရာထူးမှ နုတ်ထွက်သင့်ဟု ရီပတ်ဗလစ်ကန် အထက်လွှတ်တော်အမတ်ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေဟာ အောက်လွှတ်တော် အဆောက်အအုံကို ဝင်စီးပြီး လူသေတဲ့အထိ ဗရမ်းဗတာလုပ်ခဲ့လို့ ထရမ့်ဟာ ရာထူးက နုတ်ထွက်သင့်တယ်လို့  ရီပတ်ဗလစ်ကင် ပါတီဝင် အမေရိကန်အထက်လွှတ်တော်အမတ် ပတ်တူးမေးက ပြောလိုက်ပါတယ်။  သမ္မတအတွက် နိုင်ငံအတွက် အကောင်းဆုံးနည်းလမ်းကတော့ ရာထူးက နုတ်ထွက်ပြီး စောနိုင်သမျှ စောစောအဝေးကို ထွက်သွားဖို့ပဲလို့ တူးမေးက NBC သတင်းဌာနရဲ့ "Meet the Press." အစီအစဉ်မှာ ပြောပါတယ်။  တူးမေးဟာ လတ်တလောအခြေအနေ မတိုင်ခင်ထိ ထရမ့်ကို ထောက်ခံသူ ဖြစ်ခဲ့တာပါ။ ခုတော့ ထရမ့် ရာထူးက ဆင်းပေးဖို့ တောင်းဆိုတဲ့ ဒုတိယမြောက် ရီပတ်ဗလစ်ကန်ပါတီဝင် အထက်လွှတ်တော်အမတ်ဖြစ်လာပါတယ်။ ဒီမိုကရက်တစ်ပါတီဝင် ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒန် ကျမ်းသစ္စာ ကျိန်ဆိုဖို့ အချိန် ဆယ်ရက်သာ ကျန်တော့တာမို့ ထရမ့်ကို စွပ်စွဲ ပြစ်တင် ရှုတ်ချဖို့ အချိန် မကျန်တော့ဘူးလို့လည်း တူးမေးက ပြောပါတယ်။ ထရမ့်ဟာ ဇန်နဝါရီ ၂၀ မှာ ကျရောက်မယ့် ဘိုင်ဒန်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို မတက်ဘူးလို့ ဇန်နဝါရီ ၈ ရက်က ပြောခဲ့ပါတယ်။ လက်ရှိ ဒုသမ္မတ မိုက်ခ်ပန့်စ်က ဘိုင်ဒန်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်မယ်လို့ ဇန်နဝါရီ ၉ ရက်မှာ ပြောခဲ့ပါတယ်။ “အောက်လွှတ်တော်ကို စီးနင်းမှုဟာ အမေရိကန်အတွက် အခြေခံကျကျ ခြိမ်းခြောက်မှုပဲ။ ဒါဟာ အစွဲအလန်းကြီးတာ မဟုတ်ဘူး။ နက်ရှိုင်း စစ်မှန်တယ်။ ဒါကြောင့် ဒီသီတင်းပတ်အတွင်း ဝန်ကြီးတွေ အများကြီး ရာထူးက နုတ်ထွက်ကုန်တာကို ခင်ဗျား မြင်ရတာပဲ”လို့ အိမ်ဖြူတော် ဦးစီးအရာရှိချုပ်ဟောင်း ရီပတ်ဗလစ်ကင်ပါတီဝင် မစ်ခ်မာလ်ဗာနေးက ပြောပါတယ်။ ဒီသီတင်းပတ်အတွင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး၊ ပညာရေးဝန်ကြီး၊ အမျိုးသားလုံခြုံရေး ဒုအကြံပေး အရာရှိ၊ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ အကြီးတန်းညွှန်မှူး အနည်းဆုံး ငါး ယောက်၊ အိမ်ဖြူတော် စီးပွားရေးအကြံပေးကောင်စီ ယာယီဥက္ကဋ္ဌ ၊ စီးပွားရေးဝန်ကြီးဌာန ဒုလက်ထောက် ဝန်ကြီးတို့ ရာထူးက နုတ်ထွက်ခဲ့ကြပါတယ်။ အိမ်ဖြူတော် လူမှုရေးအတွင်းရေးမှူးနဲ့ ပြန်ကြားရေး ဒုအတွင်းရေးမှူးတို့လည်း ရာထူးက နုတ်ထွက်ခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ 
1 year Ago

August 30, 2020

ချက်နိုင်ငံ အထက်လွှတ်တော်အမတ် ထိုင်ဝမ်သို့ သွားရောက်လည်ပတ်မှု တရုတ်ကန့်ကွက်

ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ မီလော့စ်ဗစ်စတာစီလ်ဟာ ထိုင်ဝမ်နိုင်ငံကို သြဂုတ် ၂၉ ရက်က လာရောက်လည်ပတ်ပါတယ်။ အကြီးတန်း နိုင်ငံခြားအရာရှိတယောက်ရဲ့ ရှားရှားပါးပါး ခရီးစဉ်ကို တရုတ်အစိုးရက ဒေါသထွက်နေပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို သူ့ရဲ့သင်းကွဲပြည်နယ်တရပ်သာဖြစ်ပြီး နိုင်ငံချင်းကြား ဆက်ဆံရေးအတွက် ဘောင်မဝင်ဘူးလို့ လက်ခံယူဆထားပါတယ်။ မီလော့စ်ကတော့ သူ့ခရီးစဉ်ဟာ ထိုင်ဝမ်နဲ့ စီးပွားရေး အဆက်အသွယ် တိုးမြှင့်ဖို့ဖြစ်ပြီး ချက် သမ္မတနိုင်ငံဟာ တရုတ်ပြည်မကြီးအစိုးရရဲ့ ကန့်ကွက်ချက်ကို ဦးညွတ်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ ကွယ်လွန်သူ ချက်သမ္မတဟောင်း ဗားဆလပ်စ်ဟာဗယ် ချမှတ်ခဲ့တဲ့ တန်ဖိုးအခြေပြု နိုင်ငံခြားရေး မူဝါဒကို သူ့ခရီးစဉ်က ထင်ဟပ်လိမ့်မယ်လို့လည်း မီလော့စ်က ပြောပါတယ်။ သူတို့ဟာ သမ္မတ ချိုင်အင်းဝမ်နဲ့သာမက ထိုင်ဝမ်က တခြား ထိပ်တန်းအရာရှိတွေနဲ့ပါ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒီလအစောပိုင်းကလည်း အမေရိကန် ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုဌာနဝန်ကြီး အဲလက်စ်အက်ဇာဟာ ထိုင်ဝမ်ကို သွားရောက်လည်ပတ်ခဲ့ပါသေးတယ်။ အဲဒီခရီးစဉ်ကတော့ နှစ် ၄၀ အတွင်း အမေရိကန်အဆင့်မြင့်ဆုံး အရာရှိတယောက်ရဲ့ အလည်အပတ် ခရီးစဉ် ဖြစ်ပါတယ်။
1 year Ago
More News
Up