အထက်လွှတ်တော်ရုံးမှာ လက်ထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ အမျိုးသမီးတဦးအား လိင်ပိုင်းစော်ကားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မမှန်ကန်ဘူးလို့ ဒီမိုကရက် သမ္မတလောင်း ဖြစ်ဖွယ်ရှိတဲ့ ဂျိုးဘိုင်ဒင်က မေလ ၁ ရက်မှာ ပြောခဲ့ပါတယ်။
MSNBC ရုပ်သံလိုင်း ရဲ့ မေးမြန်းချက်မှာ ဂျိုးဘိုင်ဒင်က အဲဒီစွပ်စွဲချက်ဟာ မမှန်ကန်ဘူးလို့ ပြောခဲ့သလို ဘယ်တုန်းကမှ အဲဒီကိစ္စ မဖြစ်ခဲ့ပါဘူးလို့ ရုပ်သံအင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်က တာရာရိဒ်ဆိုသူ အမျိုးသမီးက ဘိုင်ဒင်ဟာ သူ့ကို လိင်ပိုင်းစော်ကားခဲ့တယ်ဆိုပြိး မီဒီယာအင်တာဗျူးတစ်ခုမှာ စွပ်စွဲခဲ့ပါတယ်။
တာရာရိဒ်ဟာ ၁၉၉၂ ဒီဇင်ဘာက နေ ၁၉၉၃ သြဂုတ်လအတွင်း ဘိုင်ဒင်ရဲ့ အထက်လွှတ်တော်ရုံးမှာ လက်ထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။ ဘိုင်ဒင်က သူ့အပေါ် တိုင်ကြားတဲ့ ကိစ္စကို မသိရှိသလို ဘယ်သူ့ကိုမှလည်း လျှို့ဝှက်ခိုင်းထားတာ မရှိဘူးလို့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။
ရိဒ်ဟာ သူတို့ကို စိတ်မသက်သာဖွယ်ဖြစ်အောင် ဘိုင်ဒင်က ပွေ့ဖက်နမ်းရှုံ့တယ်လို့ ဖွင့်ပြောသူ အမျိုးသမီး ၈ ဦးထဲကတဦးဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့ တဦးတယောက်ကမှ ဘိုင်ဒင်ကို စွပ်စွဲတာ မလုပ်ခဲ့ဘဲ ရိဒ်ကသာ ပြီးခဲ့တဲ့ မတ်လတုန်းက ဘိုင်ဒင်ကို လူသိထင်ရှား စွပ်စွဲခဲ့တာပါ။
လာမယ့် နိုဝင်ဘာ ၃ ရက် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန် သမ္မတ ထရမ့်ကို ရင်ဆိုင်မယ့် ဘိုင်ဒင်ဟာ ဒီမိုကရက်ပါတီတွင်းမှာရော ပါတီပြင်ပမှာပါ အဲဒီစွပ်စွဲချက်ကို ဖြေရှင်းဖို့ ဖိအားပေးခံနေရတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
10 months Ago