အထက်တန်းကျောင်းသူကို အိုင်အက်စ်ဟု မှားယွင်းဖော်ပြမှု ကျောင်းတာဝန်ရှိသူများ တောင်းပန်

A d v e r t i s e m e n t With Us

May 9, 2016

အထက်တန်းကျောင်းသူကို အိုင်အက်စ်ဟု မှားယွင်းဖော်ပြမှု ကျောင်းတာဝန်ရှိသူများ တောင်းပန်

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ထဲက အထက်တန်းကျောင်းတကျောင်းရဲ့ နှစ်ချုပ်စာအုပ်မှာ မွတ်စလင်ကျောင်းသူတဦးရဲ့ နာမည်ကို အိုင်အက်စ်ဆိုပြီး မှားယွင်းဖော်ပြမိခဲ့လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တောင်းပန်ခဲ့ကြရပါတယ်။ ဘရန်ဇီလိဖ် အမည်ရတဲ့ အဆိုပါကျောင်းသူဟာ လော့ဆောဆော့စ် အထက်တန်းကျောင်းမှ အတန်းကြီး ကျောင်းသူတဦးဖြစ်ကာ သူ့ရဲ့နာမည်ကို “အိုင်အက်စ်ဖိလစ်ပ်စ်” လို့ မှားယွင်းဖော်ပြခံခဲ့ရတာပါ။ ကျောင်းရဲ့ နှစ်ချုပ်စာအုပ်ထဲမှာ ခုလို မှားယွင်းဖော်ပြမှုမှာ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီးနောက်မှာမှ ကျောင်းတာဝန်ရှိသူတွေက တောင်းပန်ခဲ့ကြတာလို့ အင်ဒီပန်းဒန့် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ “ခုလိုဖြစ်ရတဲ့အတွက် ကျမ အရမ်းကို ၀မ်းနည်းပြီး စိတ်ပျက်မိတယ်။ ရှက်လည်း ရှက်မိပါတယ်။ ကျောင်းက ဒါဟာ မှားယွင်းဖော်ပြမှုပါလို့ ပြောခဲ့ပေမယ့် လက်ရှိမှာတော့ ကျမဟာ စာအုပ်ထဲမှာ အိုင်အက်စ်ဖြစ်နေပြီလေ” လို့ ဇီလိဖ်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးခဲ့ပါတယ်။ ကျောင်းအနေနဲ့ကတော့ ဒီစာအုပ်ကို စီစဉ်သူတွေကိုရော တာဝန်ရှိသူတွေကိုပါ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ ဒီစာအုပ်ဟာ ကျောင်းရဲ့ အတန်းကြီး ကျောင်းသူကျောင်းသား ၂၈၇ ဦးဆီ ဖြန့်ဝေပြီးဖြစ်ကာ နောက်ထုတ်မယ့် စာအုပ်မှာတော့ အမှားကို ပြန်ပြင်သွားမယ်လို့ ပြောပါတယ်။ ကျောင်းအုပ် ဆူဆန် ပက်ထရိုဆဲလီက “ခုလို နှစ်ချုပ်စာအုပ်မှာ မှားယွင်းပုံနှိပ် ဖော်ပြခဲ့မှုအတွက် တဆင့်ချင်း စစ်ဆေးပြင်ဆင်မှုတွေ လုပ်သွားမှာပါ။ ကျမတို့ အနူးအညွတ် တောင်းပန်ပါတယ်” လို့ ပြောပါတယ်။
5 years Ago
Up