အတွင်းဝန်

May 20, 2021

တိုကျိုမြန်မာသံရုံး အတွင်းဝန် ၂ ဦးကို အကြမ်းဖက်စစ်အုပ်စုက အလုပ်ထုတ်

ဂျပန်နိုင်ငံ တိုကျိုရှိ မြန်မာသံရုံးက ဝန်ထမ်း ၂  ယောက်ကို အာဏာသိမ်း စစ်ကောင်စီက  ရာထူးတာဝန်ကနေ ထုတ်ပယ်လိုက်တယ်လို့ သံတမန် သတင်းရပ်ကွက်က မေလ ၁၉ ရက်မှာ ပြောပါတယ်။

ပထမအတွင်းဝန် ဦးအောင်စိုးမိုးနဲ့ ဒုတိယအတွင်းဝန်တို့ဟာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး ဆန္ဒပြပြည်သူတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးနောက်မှာ   အာဏာဖီဆန် CDM လုပ်နေခဲ့ကြတာလို့ ဆိုပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ တိုကျိုရှိ မြန်မာသံရုံးက ပထမအတွင်းဝန်နဲ့ ဒုတိယအတွင်းဝန်တို့ရဲ့ သံတမန်ရေးရာ အဆင့်အတန်းနဲ့ နိုင်ငံကူးလက်မှတ်တွေကို ရုပ်သိမ်းထားပြီး မတ်လအစောပိုင်းကတည်းက သူတို့နေထိုင်ရာ သံရုံးဝင်းထဲကို ဝင်ရောက်ခွင့်မပေးတော့ပါဘူး။

အဆိုပါ သံတမန် ၂ ယောက်ရဲ့နေရာမှာ စစ်တပ်က ခန့်အပ်တဲ့သူတွေကို အစားထိုးဖို့လည်း သံတမန်ဗီဇာ လျှောက်ထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မြန်မာစစ်တပ်အာဏာသိမ်းမှုကို ဂျပန်အစိုးရကလည်း  ပြစ်တင်ရှုတ်ချထားပြီး ဒီ မြန်မာသံတမန် ၂ ယောက်ရဲ့ကိစ္စကိုလည်း  ဝန်ကြီးချုပ် ဟိုရှိဟိဒဲဆုဂက ဘယ်လို ကိုင်တွယ်ဖြေရှင်းမယ် ဆိုတာကို စောင့်ကြည့်နေကြပါတယ်။

ပထမအတွင်းဝန် ဦးအောင်စိုးမိုးရဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပေးထားတဲ့ အထောက်အထားတွေဟာ ဇူလိုင် ၁၅ ရက်မှာ သက်တမ်းကုန်မှာပါ။  အတွင်းဝန် ၂ ယောက်ကတော့ သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကနေ တရားဝင် ခန့်အပ်တာဝန်ပေးထားမှုကို အခိုင်အမာ ပြောဆိုပြီး သူတို့ရဲ့ သံတမန်ဗီဇာတွေနဲ့ အထောက်အထားတွေကို ထိန်းသိမ်းပေးဖို့ ဂျပန်အစိုးရကို တောင်းဆိုထားပါတယ်။

ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနတာဝန်ရှိသူတဦးကတော့  သူတို့ရဲ့ လက်ရှိသံတမန်ရေးရာကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပြီး မြန်မာပြည်ရဲ့အခြေအနေတွေ တိုးတက်ပြောင်းလဲလာမှာကို စောင့်ကြည့်နေတဲ့အချိန်မှာ သူတို့အခြေအနေကို အကဲဖြတ်နေမှာပါလို့ ပြောဆိုပါတယ်။

ဖေဖော်ဝါရီလတုန်းကလည်း အာဏာသိမ်းစစ်အုပ်စုက  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုထုတ်ပယ်ခဲ့သလို  ဧပြီလမှာ ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ကို ဖယ်ရှားပြီး သံရုံးကို သော့ပိတ်ထားခြင်းတွေအပြီး ခုတခါ ဂျပန်နိုင်ငံရှိ မြန်မာသံတမန် ၂ ယောက်ကို အလုပ်ကနေ ထုတ်ပစ်လိုက်တာဖြစ်ပါတယ်။

7 months Ago
Up