အတ္တလန္တာ ကစားသမား

May 12, 2020

အသက် ၁၉ နှစ်အရွယ်တွင် ကြွေလွင့်ခဲ့ရသည့် စီးရီးအေကလပ် အတ္တလန္တာ ကစားသမား ရီနယ်ဒီ

အတ္တလန္တာအသင်းရဲ့ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ကစားသမား အန်ဒရီယာ ရီနယ်ဒီဟာ ဦးနှာက်သွေးကြော ချို့ယွင်းမှုကြောင့်  မေ ၁၁ ရက်က ကွယ်လွန်သွားပါတယ်။ ရီနယ်ဒီဟာ အတ္တလန္တာအသင်းရဲ့ လူငယ်စီမံကိန်းကနေ ပေါ်ထွက်လာတဲ့ ကစားသမားတဦး ဖြစ်ပြီး စီးရီးဒီကလပ် လက်နာနိုမှာ တရာသီ အငှားစာချုပ်နဲ့ သွားရောက်ကစားနေသူ ဖြစ်ပါတယ်။ ရီနယ်ဒီဟာ ကိုနာဗိုင်းရပ်စ် lockdown ကာလအတွင်း အိမ်မှာ လေ့ကျင့်ရေးပြုလုပ်နေစဉ် သောကြာနေ့က ဦးနှောက်သွေးကြောချို့ယွင်းမှု ဝေဒနာကို ခံစားခဲ့ရလို့ သူ့ကို ဗာရီဆီရှိ ဆေးရုံတရုံကို တင်ပို့ခဲ့ပါတယ်။ ဆေးရုံမှာ သုံးရက်ကြာကုသမှုခံယူခဲ့ပြီးနောက်မှာ သူဟာ ကွယ်လွန်သွားခဲ့တာပါ။ ရီနယ်ဒီရဲ့ သေဆုံးမှုဟာ ရုတ်တရက်ပေါ်ပေါက်လာတဲ့ ဝမ်းနည်းဖွယ်ရာ ကိစ္စရပ်တခုဖြစ်ပြီး ဒီလိုဖြစ်လိမ့်မယ်လို့ စိတ်တောင်မကူးခဲ့ဖူးဘူးလို့ သူ အငှားသွားရောက်ကစားနေတဲ့ လက်နာနိုအသင်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။  “အန်ဒရီယာဟာ ဝေဒနာကို သုံးရက်ကြာခံစားခဲ့ရပြီး ကံမကာင်းစွာနဲ့ဘဲ ပြန်လည်တွန်းလှန်နိုင်ခြင်း မရှိခဲ့ပါဘူး” လို့လည်း အဲဒီကြေညာချက်မှာ ‌ ရေးသားထားပါတယ်။ ရီနယ်ဒီဟာ စီးရီးအေကလပ် အတ္တလန္တာအသင်းကို အသက် ၁၃ နှစ်အရွယ်ကတည်းက ရောက်ရှိလာခဲ့သူဖြစ်ပြီး ယူ-၁၇ အသင်းနဲ့အတူ ၂၀၁၆ ခုနှစ်မှာ လိဂ်ဖလားနဲ့ စူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။  သူဟာ လက်နာနိုအသင်းအတွက် ဒီရာသီအတွင်း ၂၃ ပွဲကစားကာ ၁ ဂိုး သွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး သူ သေဆုံးမှုအတွက် မိသားစုဝင်တွေနဲ့အတူ ထပ်တူဝမ်းနည်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
12 months Ago
Up