အတ္တလန္တာ

January 8, 2021

အတ္တလန္တာအသင်းမှ လူငယ်ကစားသမား ဒီယယ်လိုကို မန်ယူအသင်းခေါ်ယူ

မန်ယူအသင်းဟာ အတ္တလန္တာအသင်းက လူငယ်တောင်ပံကစားသမား အာမက်ဒီယယ်လိုကို အပြီး သတ်ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။  အခုနှစ်နွေရာသီကတည်းက ခေါ်ယူဖို့သဘောတူညီမှု ရရှိခဲ့တဲ့ အာမက်ဒီယယ်လိုဟာ Work Permit ရဖို့ စောင့်ဆိုင်းနေခဲ့ရပြီး မနေ့ကမှ  တရားဝင် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။  အသက် ၁၈ နှစ်ရှိ အိုင်ဗရီကို့စ်တောင်ပံတိုက်စစ်မှူး ဒီယာလိုအတွက် မန်ယူအသင်းက ပေါင် ၁၉ သန်း လက်ငင်းပေးချေခဲ့ရပြီး စွမ်းဆောင်ရည်အပေါ်မူတည်ပြီးနောက်ထပ် ၁၈ သန်းခန့် ပေးချေ ရနိုင်တာဖြစ်ပါတယ်။  ရာသီအစကတည်းက ပြောင်းရွှေ့လာဖို့ စောင့်ဆိုင်းခဲ့ရပြီး နောက်ဆုံးမှာတော့ အိပ်မက် တစ်ခု အမှန်တကယ်ဖြစ်လာခဲ့ပြီလို့ အာမက်ဒီယာလိုက ပြောပါတယ်။  အသင်းပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိပြီးကတည်းက အသင်းနည်းပြ ဆိုးလ်ရှားနဲ့လည်း အမြဲတမ်းစကားပြောဆိုခဲ့ပြီး  နာမည်ကြီးကစားသမားတွေရှိတဲ့ စိတ်လူပ်ရှားစရာ ကောင်းတဲ့ အသင်းမှာ သင်ယူလေ့လာရင် အကောင်းဆုံးကြိုးစားသွားမယ်လို့ ဒီယယ်လိုကပြောပါတယ်။
10 months Ago

November 4, 2020

ချန်ပီယံလိဂ်ပွဲစဉ်တွင် လီဗာပူးအသင်း အတ္တလန္တာကို ၅ ဂိုးပြတ်အနိုင်ရ  

မနေ့ညက ကန်သွားတဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ လီဗာပူးအသင်းက အတ္တလန္တာအသင်းဘက်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိပြီး ဂျိုတာ၊ မာနေးနဲ့ ဆာလက်တို့ ၃ ယောက်စလုံး ဂိုးသွင်းယူနိုင်ပါတယ်။ ဒီပွဲမှာ လီဗာပူးတိုက်စစ်မှူး ဒီယာဂိုဂျိုတာကတော့ ပထမပိုင်းမှာ ၂ ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်း ပွဲချိန် ၅၄ မိနစ်မှာ ၁ ဂိုးသွင်းယူနိုင်ခဲ့ကာ ဟက်ထရစ် ရသွားပါတယ်။  ဒါဟာ လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် ၃ ပွဲဆက်တိုက် အနိုင်ရလဒ်ဖြစ်ပြီး အင်္ဂလိပ်အသင်းအနေနဲ့ အီတလီမြေမှာ အကြီးမားဆုံးနိုင်ပွဲလည်း ဖြစ်ပါတယ်။ ဂျိုတာဟာလည်း အသင်းအတွက် ၄ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ကာ သွင်းဂိုးအရေအတွက် ၆ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိခြေစွမ်းဟာ ကစားသမားဘဝတလျှောက် အကောင်းဆုံးလားလို့ ပွဲအပြီးမှာ ဂျိုတာကို မေးမြန်းခဲ့ရာမှာ ပေါ်တူဂီသားကတော့ ဒီမေးခွန်းအတွက်အဖြေမှာ အသင်းဖော်တွေကိုပဲ ချီးကျူးခဲ့ပါတယ်။  “အခုအထိ ကျနော့်ဘဝမှာ အကောင်းဆုံးအသင်းနဲ့ ကစားနေရတာပါ။ ဒါဟာ ကျနော့်အတွက် အကောင်းဆုံးခြေစွမ်းလားဆိုတာ မပြောနိုင်ပေမယ့် ဂိုးတွေ သွင်းယူနိုင်နေတာတော့ ကျေနပ်စရာပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဝေးကွင်းအနိုင်ရလဒ်က ဝမ်းသာစရာကောင်းပါတယ်” လို့ ဂျိုတာက ပြောပါတယ်။  ဂျိုတာဟာ  ပြီးခဲ့တဲ့အပြောင်းအရွှေ့ကမှ ဝုဗ်ကနေ လီဗာပူးအသင်းကို ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။  ဆာလက်၊ မာနေးတို့နဲ့အတူ ကစားရတာနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတာ့ ဂျိုတာက “သူတို့က ကမ္ဘာ့အဆင့် ကစားသမား ၂ ယောက်ပါ။ သူတို့ ဘယ်လောက်ကောင်းသလဲဆိုတာကို ကျနော်တို့အားလုံး သိရှိခဲ့ပြီး ဖြစ်ပါတယ်။ သူတို့ကြောင့် ကွင်းထဲက ကျနော့်ရဲ့တာဝန်တွေဟာ ပိုမိုလွယ်ကူလာခဲ့ပါတယ်” လို့ ပြောပါတယ်။ ဟက်ထရစ် ၃ ဂိုးမှာ ပထမဆုံးရရှိခဲ့တဲ့ဂိုးကို အနှစ်သက်ဆုံးဖြစ်တယ်လို့လဲ ဂျိုတာက ပြော ပါတယ်။  “ပွဲကို အလှည့်အပြောင်းဖြစ်စေခဲ့တဲ့အတွက် ပထမသွင်းဂိုးက ကျနော် အနှစ်သက်ဆုံးပါ။ ဘယ်အသင်းအတွက်မဆို အဖွင့်ဂိုးရဖို့ အရေးပါပါတယ်။ ဒီဂိုးရပြီးနောက်ပိုင်းမှာ ကျနော်တို့  ဂိုးတွေ ဆက်တိုက်သွင်းယူနိုင်ခဲ့တာကြောင့် ဒါဟာ ကျနော့်အတွက် ကောင်းမွန်တဲ့ အခိုက်အတန့် တခုပါပဲ” လို့ ဂျိုတာက ပြောပါတယ်။  လီဗာပူးအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ မန်စီးတီးအသင်းနဲ့ ပရီးမီယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာအသင်းအနေနဲ့ ခံစစ်ပိုင်း လိုအပ်ချက်ရှိနေတာကြောင့် ပိုမိုအာရုံစိုက်သွားဖို့ လိုအပ်တယ်လို့ ဂျိုတာက ပြောပါတယ်။
12 months Ago
More News
Up