အတ္တကို မဦးတည်ဘဲ

February 1, 2020

လွှတ်တော်တွင် အတ္တကို မဦးတည်ဘဲ အပြုသဘော ဆွေးနွေးကြရန် သမ္မတဦးဝင်းမြင့် ပြော

လွှတ်တော်မှာ ဆွေးနွေးကြတဲ့အခါ အတ္တကို ဦးတည်မဆွေးနွေးဘဲ အပြုသဘောနဲ့ ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ကြစေလိုတယ်လို့ သမ္မတဦးဝင်းမြင့်က ပြောပါတယ်။ နေပြည်တော်က လွှတ်တော်ဝင်းထဲမှာ မနေ့ကကျင်းပတဲ့ ဒုတိယအကြိမ်လွှတ်တော် ၄ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။  အတ္တကိုဦးတည်ပြီး ဆွေးနွေးမယ်ဆိုရင် အပြုသဘောမဆောင်၊ အောင်မြင်မှုလည်း ရမှာမဟုတ်တာကြောင့် အပြုသဘောနဲ့ ဆွေးနွေးညှိနှိုင်းကြစေလိုပြီး ဒါဟာ ဒီမိုကရေစီရဲ့ မဏ္ဍိုင်ကြီး ၁၂ ရပ်မှာ ပါတဲ့ သဘောထားကြီးတာ၊ သည်းခံတာ၊ စေ့စပ်ညှိနှိုင်း အဖြေရှာတာ ဆိုတဲ့ အချက်တွေလည်း အကျုံးဝင်တယ်လို့ ပြောပါတယ်။ ဒီမိုကရေစီကျင့်စဉ်မှာ တယောက်နဲ့တယောက်၊ တဖွဲ့နဲ့တဖွဲ့ သဘောထားကြီး၊ သည်းခံပြီး စေ့စပ်ညှိနှိုင်း အဖြေရှာရမယ်လို့လည်း ပြောပါတယ်။ ပြီးတော့ အများရဲ့ဆုံးဖြတ်ချက်ကို လိုက်နာရသလို အနည်းစုရဲ့ သဘောထားကိုလည်း အလေးထားကြရမှာဖြစ်ပြီး အဲဒီ ဒီမိုကရေစီကျင့်စဉ်ကို မြတ်နိုးတန်ဖိုးထားပြီး အမှန်တကယ် ကျင့်သုံးနိုင်မှပဲ ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်နိုင်မယ်လို့ ဆိုပါတယ်။ မေးခွန်းတွေ၊ အဆိုတွေ၊ ဥပဒေပြုဖို့ ဆွေးနွေးညှိနှိုင်းတဲ့အခါမှာလည်း ဥပဒေပြုရေးမဏ္ဍိုင်နဲ့ လိုက်လျောညီထွေတဲ့ အသုံးအနှုန်း၊ အပြောအဆိုတွေ ဖြစ်ဖို့လိုပြီး ဒါဟာ ကိုယ့်ရဲ့ ဂုဏ်သိက္ခာ၊ ကိုယ့်အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာနဲ့လည်း ဆိုင်တယ်လို့ သမ္မတက ပြောပါတယ်။
1 year Ago
Up