အတိုင်ပင်ခံပုဂ္ဂိုလ်

June 28, 2019

သိမ်းဆည်းလယ်ယာမြေများကို ဖက်တွယ်မနေဘဲ အမြန်ဆုံးပြန်ပေးရန် အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

ကိုယ်မပိုင်တဲ့ သိမ်းဆည်းလယ်ယာမြေတွေကို ဖက်တွယ်မနေဘဲ မူလပိုင်ရှင်တွေထံ အမြန်ဆုံးပြန်ပေးအပ်ဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြား လိုက်ပါတယ်။ ဒီကနေ့ ဇွန်လ ၂၈ ရက် မနက်က ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်ကို သွားရောက်ပြီး  ဒေသခံ တောင်သူ ၂၀၀၀ လောက်နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဧရာဝတီတိုင်းဝန်ကြီးချုပ်နဲ့ ဆွေးနွေးတဲ့အခါမှာ တချို့ ပြန်ပေးရမယ့် ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေက ပြန်ပေးတဲ့နေရာမှာ နှောင့်နှေးနေတယ်လို့ ကျမကြားရပါတယ်။ အဲဒီဟာ နှောင့်နှေးနေတဲ့ ပုဂ္ဂိုလ်များက မနှောင့်နှေးဖို့  ကျမအနေနဲ့ တိုက်တွန်းပါရစေ။ ကိုယ်မပိုင်ဆိုင်တဲ့ ကိစ္စကို ဘာဖြစ်လို့ ဖက်တွယ်နေရမှာလဲ မြန်မြန်ဆန်ဆန်ပြန်ပေးလိုက်တော့ အားလုံးအတွက်လည်း ကောင်းပါတယ်။ ကျမတို့ နိုင်ငံအတွက်လည်း ကောင်းပါတယ်။”လို့ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူသွားတဲ့နေရာတိုင်မှာ လယ်ယာမြေ ပြဿနာတွေကို အများဆုံးတွေ့ရကြောင်း၊ ဒါတွေအမြန်ဆုံးဖြေရှင်းပေးဖို့ ညွှန်ကြားထားကြောင်း၊ လယ်ယာပြဿနာတွေမှာ ကြံ့ကြာနေတာတွေအများအပြားရှိနေပြီး ကြံ့ကြာရတဲ့အကြောင်းအ ရင်းတွေကို အဖြေရှာဖို့လည်း သက်ဆိုင်တဲ့ဝန်ကြီးဌာနတွေနဲ့ တိုင်းဒေသကြီးပြည်န ယ် အစိုးရတွေကို အဖြေရှာဖြေရှင်းဖို့လည်း တိုက်တွန်းထားတယ်လို့ပြောပါတယ်။ သက်ဆိုင်ရာ ဌာနတွေအနေနဲ့လည်း တောင်သူလယ်သမားတွေရဲ့ လိုအပ်ချက်တွေကို ကူညီဆောင်ရွက်ပေးကြဖို့လည်း  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပြောသွားပါတယ်။ ဒါ့အပြင် မြန်မာတောင်သူလယ်သမားတွေအနေနဲ့ ပြည်တွင်းဈေးကွက်မှာသာမက နိုင်ငံတကာ ဈေးကွက်မှာပါ ယှဉ်ပြိုင်နိုင်အောင်ကြိုးစားကြဖို့လည်း တိုက်တွန်းပြောသွားပါတယ်။ “အခုလို မြန်မြန်ဆန်ဆန်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ နှေးနေလို့ မရပါဘူး။ တနှစ်နဲ့ တနှစ်တောင်မဟုတ်ဘူး။ တလနဲ့တလ ရာသီဥတုရဲ့ အနေအထားအရ ကမ္ဘာ့ဈေးကွက်ရဲ့ အနေအထားအရ ကျမတို့ရဲ့ တောင်သူလယ်သမားကြီးတွေအတွက် အသင့်တော်ဆုံး ကျမတို့ နိုင်ငံအတွက်လည်း အကျိုးအမြတ်အရှိဆုံး ဘယ်လိုဟာမျိုးတွေ စိုက်သင့်တယ်ဆိုတာ တချိန်လုံး လေ့လာနေဖို့ လိုပါတယ်။ ဒါက အစိုးရပိုင်းက အကူအညီပေးရမှာတော့ အကူအညီပေးရမှာပဲ ဒါပေမယ့် တောင်သူလယ်သမားကြီးတွေကိုယ်တိုင်က ကိုယ့်ဟာကိုယ် လေ့လာချင်တဲ့ စိတ်ရှိဖို့ လိုပါတယ်” ဒီနေ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တောင်သူလယ်သမားတချို့တင်ပြတဲ့ အခက်အခဲ ပြဿနာတွေကို နားထောင်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိတွေကို ဖြေကြားစေခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲကို အစိုးရ၀န်ကြီးတွေ၊ တောင်သူလယ်သမား ၁၉၀၀ ကျော်၊ ဆန်စပါးကုန်သည်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေတက်ရောက်ခဲ့ ပါတယ်။ ဒီတွေ့ဆုံပွဲမှာတော့ စာရင်းပေးထားတဲ့ လယ်သားမားတွေတက်ခွင့်ရခဲ့ပြီး လယ်ယာမြေ အငြင်းပွားမှုကြောင့်တရားစွဲဆိုခံထားရတဲ့ လယ်သမားတချို့ကတော့ တွေဆုံပွဲကိုတက်ခွင့်မရ ခဲ့ဘူးလို့ပြောပါတယ်။
2 years Ago

June 13, 2019

ကျောင်းပရဝုဏ်၌ ဆေးလိပ်ရောင်းချမှု အရေးယူရန်လိုအပ်နေဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ကျောင်းပရဝုဏ်အတွင်းနဲ့ ကျောင်းပရဝုဏ်မှ ပေ၁၀၀ အတွင်း ဆေးလိပ်ရောင်းချခြင်းကို အရေးယူတာ အားနည်းနေတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဇွန် ၁၂ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ “နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေစိုးမိုးရေးကို အလေးထားရန်လည်း လိုပါတယ်၊၊ ဥပမာ-၂၀၁၆ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေမှာ ကျောင်းနဲ့ တက္ကသိုလ်များမှာ ဆေးလိပ်သောက်ခွင့် မရှိတဲ့အပြင် ကျောင်း ပရဝုဏ်အတွင်းနဲ့ ကျောင်းပရဝုဏ်မှ ပေ၁၀၀ အတွင်း ဆေးလိပ်ရောင်းချခြင်းမပြုရ၊ အသက်၁၈နှစ် မပြည့်သေးတဲ့ သူကို ဆေးလိပ် ရောင်းချခြင်း (သို့မဟုတ်) ပေးကမ်းခြင်းမပြုရလို့ ပါရှိပေမယ့် အရေးယူတာ အားနည်းနေပါတယ်။” ၂၀၁၆ ခုနှစ်မှာ ဆောင်ရွက်ခဲ့တဲ့ (2016) Myanmar Global School Health Survey –GSHS အရ လူငယ်များအကြား ဆေးလိပ်သောက်သုံးခြင်းဟာ ၂၀၀၇ ခုနှစ်မှာ နှစ်ရာခိုင်နှုန်း ရှိရာကနေ ၂၀၁၆ ခုနှစ်မှာ ၆ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိလာတာတွေ့ရပြီး ကွမ်းယာ စတဲ့ အငွေ့မထွက်တဲ့ ဆေးရွက်ကြီးသုံးစွဲမှုဟာ ၂၀၀၇ ခုနှစ်မှာ ၃ ဒသမ ၆ ရာခိုင်နှုန်းကနေ ၂၀၁၆ ခုနှစ်မှာ ၈ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ အရက်သောက် သုံးခြင်းဟာလည်း ၂၀၀၇ ခုနှစ်မှာ ၁ ဒသမ ၄ ရာခိုင်နှုန်းရှိရာကနေ ၂၀၁၆ ခုနှစ်မှာ ၄ ဒသမ ၃ရာခိုင်နှုန်းအထိ များလာပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခြေခံပညာရေးအဆင့်မှာ လုပ်ဆောင်ဖို့ လမ်းညွှန်ချက် ၇ ချက်ထဲမှာ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ လုပ်ဆောင်ဖို့ ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့က ပူးပေါင်း အကောင်အထည်ဖော်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲကို နှစ်ရက်တိုင် ကျင်းပသွားမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ အခြေခံပညာကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ မူးယစ်ဆေးဝါးအန္တရာယ် ကင်းစင်ပပျောက်ဖို့ ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ ကွမ်းယာသုံးစွဲမှု ကင်းစင်ပပျောက်ဖို့၊ အရက်အလွန် အကျွံသောက်သုံးခြင်းနဲ့ နောက်ဆက်တွဲ အန္တရာယ်တွေ လျှော့ချဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှုဘဝပုံစံတွေ  လိုက်နာကျင့်သုံးဆောင်ရွက်ဖို့၊ ယာဉ်အန္တရာယ်နဲ့ လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ဖို့၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတတွေကို ထည့်သွင်းသင်ကြားပေးနိုင်ဖို့ ကျောင်းသား၊ ကျောင်းသူများ ဂိမ်းအလွန်အကျွံစွဲလမ်းမှု ပပျောက်ရေး” လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့  စတဲ့ အချက်တွေ ဆွေးနွေးကြမှာဖြစ်ပါတယ်။
2 years Ago
More News
Up