အတိုက်အခံခေါင်းဆောင် နာဗာလ်နီကို ရုရှားသမ္မတရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်

December 27, 2017

အတိုက်အခံခေါင်းဆောင် နာဗာလ်နီကို ရုရှားသမ္မတရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်

သမ္မတပူတင်ကို ဝေဖန်လေ့ရှိတဲ့ အတိုက်အခံခေါင်းဆောင်တဦးကို ရုရှားသမ္မတရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်လိုက်ပါတယ်။ ရုရှား ဗဟိုရွေးကောက်ပွဲကော်မရှင်က အတိုက်အခံခေါင်းဆောင် အလက်ဆီနာဗာလ်နီကို ဒီဇင်ဘာ ၂၅ ရက်နေ့က သမ္မတရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်လိုက်တာပါ။ ရုရှားရွေးကောက်ပွဲ ကော်မရှင်က မဲပေးရွေးချယ်ရာမှာ သူဟာ အရင်ကကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကြောင့် သမ္မတရွေးကောက်ပွဲဝင်ဖို့ အရည်အချင်း မပြည့်မီတာကြောင့် ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ ကော်မရှင်က ပြောကြားပါတယ်။ ရုရှား ဗဟိုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဘောရစ် ဆလပ်ဗဆီယော့က “အလက်ဆီ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေက ပြစ်မှုကြီးဖြစ်ပါတယ်။ ဒီပြစ်မှုကျူးလွန်သူတွေဟာ ရုရှားသမ္မတရာထူးအတွက် ဝင်ရောက် အရွေးခံပိုင်ခွင့်ကို တားမြစ်ပိတ်ပင်ထားတဲ့ ပြစ်မှုတွေဖြစ်တယ်” လို့ ပြောပါတယ်။ သမ္မတရွေးကောက်ပွဲဝင်ခွင့် အပိတ်ခံလိုက်ရတဲ့ အတိုက်အခံခေါင်းဆောင် အလက်ဆီနာဗာလ်နီကတော့ “ဒီကိစ္စက အလက်ဆီနာဗာလ်နီဆိုတဲ့ ကျနော့်ကိစ္စ မဟုတ်ပါဘူး။ ဒီကိစ္စက လက်ရှိ ရုရှားမှာဖြစ်နေတဲ့ ကိစ္စအားလုံးကို ပွင့်ပွင့်လင်းလင်းပြောမယ့် သမ္မတလောင်းတဦး လိုနေတဲ့ကိစ္စပါ။ သူဟာ ရုရှားရဲ့ အစစ်အမှန် အခြေအနေကို ရိုးရိုးသားသားပြောမယ့်လူမျိုးပါ။ ရုရှားရဲ့ အနာဂတ်အလားအလာ ကင်းမဲ့နေမှု၊ ဆင်းရဲနွမ်းပါးမှုအကြောင်း အစစ်အမှန် အခြေအနေတွေကို ရိုးရိုးသားသားပြောမယ့်သူပါ။ ကျနော်က အဲဒီအလုပ်ကို လုပ်ခဲ့တာပါ။ ဒါကြောင့်ပဲ ကျေနာ့်ကို ရွေးကောက်ပွဲဝင်ဖို့ မလိုလားခဲ့ကြတာပါ” လို့ ပြောကြားသွားပါတယ်။ အသက် ၄၁ နှစ်အရွယ် အတိုက်အခံခေါင်းဆောင် အလက်ဆီနာဗာလ်နီဟာ လူအများစုရုံးစေရန် အကြိမ်ကြိမ်စည်းရုံးလှုံ့ဆော်မှုနဲ့ ဥပဒဒေချိုးဖောက်မှုတွေကြောင့် အခုနှစ်အတွင်း ထောင်ဒဏ် ၃ ကြိမ် ကျခံခဲ့ရပါတယ်။ လူထုသဘောထား စစ်တမ်းတွေအရ လက်ရှိသမ္မတ ပူတင်သာ သက်တောင့်သက်သာနဲ့ ပြန်လည်အရွေးခံရဖို့ ရှိနေတာဖြစ်ပါတယ်။
4 years Ago
Up