အတိုက်အခံပါတီကို ဖျက်သိမ်းမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ခြိမ်းခြောက်

September 11, 2017

အတိုက်အခံပါတီကို ဖျက်သိမ်းမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ခြိမ်းခြောက်

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အဓိက အတိုက်အခံပါတီကို ဖျက်သိမ်းမယ်လို့ ဒီကနေ့ ခြိမ်းခြောက်လိုက်ပါတယ်။ အမေရိကန်ရဲ့ ကျောထောက်နောက်ခံယူပြီး သြဇာရဖို့ ကြံစည်မှု၊ သစ္စာဖောက်မှုတွေနဲ့ တရားစွဲခံထားရတဲ့ ဖမ်းဆီးခံခေါင်းဆောင် ခမ်ဆိုခါကို ဆက်ပြီး ကျောထောက်နောက်ခံ ပေးနေမယ်ဆိုရင် သူ့ရဲ့ ကမ္ဘောဒီးယား အမျိုးသားကယ်ဆယ်ရေးပါတီ (စီအန်အာပီ) ကို ဖျက်သိမ်းပစ်မယ်လို့ ဟွန်ဆန်က ခြိမ်းခြောက်ခဲ့တာပါ။ ခမ်ဆိုခါဟာ ဟွန်ဆန်အတွက် တဦးတည်းသော ရွေးကောက်ပွဲပြိုင်ဘက်ဖြစ်ပြီး စက်တင်ဘာ ၃ ရက်နေ့က အဖမ်းခံခဲ့ရပါတယ်။ ဟွန်ဆန်ကတော့ ခမာနီအစိုးရလက်ထက် စစ်ဦးစီးမှူးဟောင်းဖြစ်ပြီး ခု အသက် ၆၅ နှစ် ရှိပါပြီ။ လာမယ့်နှစ်မှာကျင်းပမယ့် ကမ္ဘောဒီယားရွေးကောက်ပွဲ မတိုင်ခင်မှာ ဝေဖန်သူတွေကို နှိမ်နင်းမှု၊ ဖမ်းဆီးမှုတွေကြောင့် အစိုးရကို အနောက်နိုင်ငံတွေက ပြစ်တင် ရှုတ်ချခဲ့ပါတယ်။ လက်ရှိအခြေအနေဟာ နှစ် ၃၀ ကျော်ကြာ အုပ်ချုပ်မှုအတွင်း ဟွန်ဆန် ရင်ဆိုင်ရတဲ့ အပြင်းထန်ဆုံး ရွေးကောက်ပွဲစိန်ခေါ်မှု ဖြစ်လာနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ဖော်ပြပါတယ်။ စီအန်အာပီပါတီကတော့ ခမ်ဆိုခါကို ခေါင်းဆောင်အဖြစ် ဆက်လက်ထောက်ခံ ပံ့ပိုးသွားမယ်၊ တကယ်လို့ သူ့ကို ပြန်မလွှတ်ပေးရင် ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ တန်ပြန် ခြိမ်းခြောက်ပါတယ်။ ခမ်ဆိုခါကိုလွှတ်ပေးရေး တောင်းဆိုဖို့ စီအန်အာပီပါတီက လွှတ်တော်အမတ်တွေက သူ့ကို ထိန်းသိမ်းထားတဲ့ ထောင်ဆီကို သွားခဲ့ကြပါတယ်။ လွှတ်တော်ဆိုင်ရာ ကင်းလွတ်ခွင့် အကာအကွယ်ကို ခမ်ဆိုခါ ရသင့်လို့ သူ့ကို ဖမ်းဆီးမှုဟာ တရားမဝင်ဘူးလို့လည်း သူ့ပါတီက ပြောခဲ့ပါတယ်။
4 years Ago
Up