ကင်ညာ ရွေးကောက်ပွဲအပြီး မတည်ငြိမ်မှုတွေကို နှိမ်နင်းရာမှာ အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ကလေးတွေ အပါအဝင် လူအယောက် ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ကင်ညာ အတိုက်အခံတွေက သြဂုတ် ၁၂ ရက်နေ့က စွပ်စွဲလိုက်ပါတယ်။
လူအယောက် ၁၀၀ ကျော် သေဆုံးမှုကို အတိုက်အခံပါတီက သက်သေတော့ မပြခဲ့ပါဘူး၊ ရိုက်တာ သတင်းဌာနကတော့ တနိုင်ငံလုံးမှာ သေဆုံးမှု ၁၁ ယောက်ကိုသာ အတည်ပြု နိုင်ခဲ့ပါတယ်။
အမျိုးသား မဟာညွန့်ပေါင်းအဖွဲ့ (နာဆာ) ရဲ့ အကြီးတန်း အဖွဲ့ဝင် ဂျိမ်းစ် အိုရန်ဂိုက ရဲတွေက အကြမ်းဖက်မှုတွေကို ဆွခဲ့တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
သူ့ရဲ့ လုပ်ဖော်ကိုင်ဘက် ဂျွန်ဆန် မူသာမာကတော့ လူတွေ ဘေးဖြစ်မယ့်နည်းကို ရှောင်ကြဖို့လည်း တိုက်တွန်းပါတယ်။ သင့်တော်တဲ့ အချိန်ကို စောင့်ပြီး လှုပ်ရှားမှုတွေ နောက်တကျော့ လုပ်ဖို့ ဆက်သွယ်မယ်လို့လည်း ပြောပါတယ်။
ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကလည်း ကင်ညာ နိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့ လုပ်ရပ်တွေကို သတိထားကြဖို့ သြဂုတ် ၁၂ ရက်နေ့ သတိပေးခဲ့ပါတယ်။
ကိုဖီအာနန်ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်က လူ အယောက် ၁၂၀၀ သေဆုံးခဲ့တဲ့ ကင်ညာ ရွေးကောက်ပွဲအပြီး အကြပ်အတည်းအတွင်း ကြားဝင် ဖြန်ဖြေသူလည်း ဖြစ်ပါတယ်။
နိုင်ငံ အနောက်ပိုင်းက ကီစုမု ဒေသမှာတော့ လူငယ်တွေက ဗုံတွေကို တီးပြီး လမ်းတွေထဲမှာ ကားတာယာတွေကို မီးရှို့ထားပါတယ်။ ဒါကြောင့် ရဲတွေကို တပ်ချထားရပါတယ်။ လူငယ်တချို့က ကားတာယာတွေကို ပိုမီးရှို့ပြီး လမ်းတွေကို ကျောက်တုံးတွေနဲ့ ပိတ်ဆို့ ထားပါတယ်။ တချို့ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
5 years Ago