အတိုင်ပင်ခံပုဂ္ဂိုလ် ပန်ကြား

November 4, 2019

မြန်မာ့ဘောလုံးအဆင့်အတန်း အာရှထိပ်တန်းအဆင့်သို့ပြန်ရောက်ရေးကူညီရန် ဖီဖာ ဥက္ကဋ္ဌကို အတိုင်ပင်ခံပုဂ္ဂိုလ် ပန်ကြား 

မြန်မာ့ဘောလုံးအဆင့်အတန်းကို အာရှထိပ်တန်းအဆင့်သို့ ပြန်လည်ရောက်ရှိရေးအတွက် ကူညီပေးဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌကို  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်ပါတယ်။  ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ ဖီဖာ တာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ ပြောကြားလိုက်တာလို့ အစိုးရက ထုတ်ပြန်ပါတယ်။  တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဘောလုံးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာအမျိုးသားနဲ့ အမျိုးသမီး ဘောလုံးအားကစားသမားတွေ အားကစားစွမ်းရည် မြင့်မားလာရေး၊ လူငယ်တွေ အကြား ဘောလုံးအားကစားနည်းနဲ့ ပိုမိုအကျွမ်းတဝင်ရှိလာရေး၊ ဘောလုံးနည်းစနစ်တွေ ဘောလုံးအကယ်ဒမီတွေရဲ့ အရည်အသွေးမြှင့်တင်ရေး၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်သွားရေးနဲ့  ကမ္ဘာ့ဘောလုံးအကျော်အမော်တွေ မြန်မာနိုင်ငံသို့ လာရောက်ပြီး မြန်မာလူငယ်တွေနဲ့ တွေ့ဆုံဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာလူငယ်တွေအကြား အားကစားအပေါ် ပိုမိုစိတ်ဝင်စားလာစေရေး၊ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ လူနေမှုပုံစံဖြစ်ပေါ်လာရေး၊ အသင်းအဖွဲ့ စိတ်ဓာတ် ပိုမိုရှင်သန်ထွန်းကားလာရေးနဲ့ မြန်မာ့ဘောလုံးအဆင့်အတန်းကို အရင်ကလို အာရှထိပ်တန်းအဆင့်သို့ ပြန်လည်ရောက်ရှိရေးအတွက် ကူညီပံ့ပိုးပေးဖို့ ဖီဖာဥက္ကဋ္ဌကို မေတ္တာရပ်ခံခဲ့တယ်လို့လည်း သိရပါတယ်။  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)နဲ့ အာဆီယံတို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကိုလည်းတက်ရောက်ခဲ့ပြီး ဖီဖာကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဆီယံခေါင်းဆောင်တွေကို အမှတ်တရ အင်္ကျီတွေ လက်ဆောင်ပေးအပ်ခဲ့ပါတယ်။ မြန်မာ့ဘောလုံးအဆင့်အတန်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့သတ်မှတ်ချက်အရ အဆင့် ၂ ဆင့်ထပ်လျော့သွားပြီး ကမ္ဘာ့အဆင့် ၁၄၇ မှာ ရပ်တည်နေပါတယ်။   ဓာတ်ပုံ-MFF
2 years Ago
Up