အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂါနာသံအမတ်ကြီးနှင့် တွေ့ဆုံ

December 1, 2020

ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်တင်ရေး မဟာစီမံကိန်းရေးဆွဲဆောင်ရွက်နေဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်တင်ရေးဆောင်ရွက်နိုင်ဖို့ လုပ်ငန်းကော်မတီတွေ လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းပြီး မဟာစီမံကိန်း ( Master Plan ) တစ်ခုရေးဆွဲ အကောင် အထည်ဖော်နေပြီလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။  ရန်ကုန်တက္ကသိုလ်ကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရတဲ့ တက္ကသိုလ် ( Autonomous University  ) ဖြစ်စေဖို့ ရည်မှန်းဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ဒီနေ့ ကျင်းပတဲ့ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်အခမ်းအနားမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောသွားတာပါ။  ရန်ကုန်တက္ကသိုလ်ဟာ စစ်ကြိုခေတ်နဲ့ လွတ်လပ်ရေး ရပြီးစကာလမှာ ပညာရေးအဆင့်အတန်းနဲ့ အရှေ့တောင် အာရှမှာ ထိပ်တန်းတက္ကသိုလ်ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရန်ကုန်တက္ကသိုလ်ရဲ့ အဆင့်ကျဆင်းခဲ့ရကြောင်း လက်ရှိအချိန်မှာ ပြန်လည်အဆင့်မြှင့်နိုင်ဖို့ အားလုံးဝိုင်းဝန်းကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ နို်ငငံတော် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးမှာ အထူးလိုအပ်နေတဲ့ နိုင်ငံသားကို ကောင်းကျိုးပြုစေမယ့် အရည်အသွေးမြင့်မားတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ပေါ်ထွန်းအောင် ပြုစုပျိုးထောင်ပေးနိုင်ဖို့ တက္ကသိုလ်တွေရဲ့ အရည်အသွေး မြင့်မားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။  သင်ရိုးညွှန်းတမ်းတွေကို ပြောင်းလဲနေတဲ့ ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေဖြစ်ပြီး နိုင်ငံတော်ရဲ့ လိုအပ်ချက်တွေနဲ့ အညီ ပြည်လည်ဆန်းစစ်ပြီး မွမ်းမံပြင်ဆင်သွားမယ်၊ နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ ဒါ့အပြင် ရန်ကုန်တက္ကသိုလ်ရဲ့ ဥပဓိရုပ် ပိုမိုကောင်းမွန်လာစေဖို့အတွက်လည်း စာသင်ဆောင်တွေ၊ ကျောင်းသားဆောင်တွေကို ပြင်ဆင်မွမ်းမံ အဆင့်မြှင့်တင်ပေးနေသလို တက္ကသိုလ် ပရဝုဏ်ကိုလည်း သန့်ရှင်းသာယာပြီး ကျန်းမာရေးအတွက် လုံခြုံနွေးထွေးပြည့်စုံကောင်းမွန်ဖို့ ၊ တက္ကသိုလ်ဝန်းကျင်မှာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့ ကားလမ်းနဲ့ လူသွားလမ်းတွေ ပြင်ဆင်တိုးချဲ့တာ ၊ အဓိပတိလမ်းတစ်လျှောက် သာယာလှပဖို့နဲ့ စိမ်းလမ်းစိုပြည်ဖို့ ပြုပြင် မွမ်းမံတာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အဖြစ် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကနေစတင်ပြီး ၂၀၂၀ ဒီဇင်ဘာ လကုန်အထိ တစ်နှစ်တာကာလပတ်လုံး ကျင်းပနေတာဖြစ်ပါတယ်။  ဒါပေမဲ့ ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကြောင့် ပညာရပ်ဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲ၊ ဈေးရောင်းပွဲ၊ ပျော်ပွဲရွှင်ပွဲတွေကို စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်ပဲ အွန်လိုင်းနဲ့ ရုပ်မြင်သံကြားကနေသာ ဟောပြောပွဲ၊ ပြိုင်ပွဲတွေနဲ့ ဂီတဖျော်ဖြေပွဲတွေသာ တင်ဆက်နိုင်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ကို  ဗြိတိသျှကိုလိုနီနယ်ချဲ့အစိုးရက ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ စတင်တည်ထောင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒီမတိုင်ခင်က မြန်မာနိုင်ငံမှာ ကိုယ်ပိုင် တက္ကသိုလ်မရှိဘဲ ကလကတ္တတား တက္ကသိုလ်လက်အောက်ခံ ရန်ကုန်ကောလိပ်နဲ့ အမေရိကန် သာသနာပြုအဖွဲ့ရဲ့ ဂျပ်ဆင်ကောလိပ်တို့သာရှိခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ဟာ မြန်မာနိုင်ငံမှာ တက္ကသိုလ်တွေထဲမှာ ထိပ်ဆုံးအဖြစ်သတ်မှတ်ခံရပြီး အန်အယ်လ်ဒီအစိုးရ စတင်တာဝန်ယူကာလ ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့အဆင့် ၁၃,၀၇၂ ရှိရာက အခုနှစ်မှာတော့ ၇,၁၁၆ အဆင့်အထိတိုးတက်လာပြီဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။
1 year Ago

June 15, 2020

သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးချုပ်များ ၂၀၂၀ ရွေးကောက်ပွဲဝင်မည် 

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဝင်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်တွေမှာပဲ ဝင်ပြိုင်ဖို့အတွက် ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းထားပါတယ်။ နိုင်ငံတော် သမ္မတဦးဝင်းမြင့်ဟာ လာမယ့်ရွေးကောက်ပွဲမှာလည်း တာမွေမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက်  ဝင်ပြိုင်မယ်လို့ တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌက ဒီဗွီဘီကို  ပြောပါတယ်။ “ပြည်သူ (ပြည်သူ့လွှတ်တော်)အတွက် သမ္မတကြီး တယောက်ပဲ ရှိတယ်။ အမျိုးသားမှာ ၂ ယောက်။ တိုင်းအတွက်က ၁၀ ယောက်ပါ” လို့ ပြောပါတယ်။ သမ္မတဦးဝင်းမြင့်ရဲ့ ရွေးကောက်ပွဲဝင်ဖို့ ပါတီကိုတင်ပြတဲ့ လျှောက်လွှာဟာ ဒီနေ့မှ ရောက်လာတာ ဖြစ်ပါတယ်။ အန်အယ်လ်ဒီအနေနဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတွေကို  လျှောက်လွှာ ဒီကနေ့ နောက်ဆုံးထားလက်ခံနေတာဖြစ်ပြီ ဒီနေ့မှာ အပြီးစိစစ်မယ်လို့ ပြောပါတယ်။ ဒီနေ့ တာမွေမြို့နယ် အန်အယ်လ်ဒီရုံးမှာ ကိုယ်စားလှယ်လောင်းစိစစ်နေပြီး သမ္မတ ဦးဝင်းမြင့်က လွဲရင် ကျန်တဲ့သူတွေကို လူတွေ့ စစ်ဆေးနေတာ ဖြစ်ပါတယ်။ လက်ရှိသမ္မတ ဦးဝင်းမြင့်ဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပုသိမ်မြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာတာပါ။ အလားတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း  ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကပဲ ဝင်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းထားတယ်လို့ ပါတီနဲ့နီးစပ်တဲ့သူတွေဆီက စုံစမ်းသိရှိရပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကလည်း ၂၀၁၅အထွေထွေရွေးကောက်ပွဲက အနိုင်ရရှိထားတဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ လှည်းကူးမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ဝင်ပြိုင်ဖို့ မြို့နယ်ပါတီနဲ့ မြို့မိမြို့ဖတွေက ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲဝင်ဖို့ကိစ္စ ဦးဖြိုးမင်းသိန်းရဲ့ သဘောဆန္ဒဘယ်လိုရှိတယ်ဆိုတာကိုတော့ မသိသေးဘူးလို့ လှည်းကူးမြို့နယ် အန်အယ်လ်ဒီ ပါတီ အလုပ်မှုဆောင်တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်ကပြောပါတယ်။ အလားတူ တခြားပြည်နယ်နဲ့တိုင်းဒေသကြီးတွေက ဝန်ကြီးချုပ်တွေအားလုံးလိုလို  ၂၀၂၀ ရွေးကောက်ပွဲမှာ ပြန်လည် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အန်အယ်လ်ဒီဗဟို ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာ အောင်ရှင်က ဒီဗွီဘီကို ပြောပါတယ်။  ဒါ့အပြင် ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကလည်း ၂၀၁၅ တုန်းကအနိုင်ရရှိခဲ့တဲ့ သာကေတမြို့နယ်ကပဲ ဝင်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းထားပါတယ်။ သတင်း- ပိုင်စိုး၊ ထက်ဝေအောင်
1 year Ago
More News
Up