အတိုင်ပင်ခံပုဂ္ဂိုလ်သတိပေး

July 16, 2020

ကိုဗစ်နိုင်ပွဲ ပန်းတိုင်မရောက်မချင်း တက်မထောင်ကြရန် အတိုင်ပင်ခံပုဂ္ဂိုလ်သတိပေး

ကိုဗစ်နိုင်ပွဲ ပန်းတိုင်မရောက်မချင်း တက်မထောင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ အသိပေးပြောကြားလိုက်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးသုံးမြို့စလုံး ရောဂါအန္တရာယ်ကို ကြောက်ပြီး စည်းကမ်းလိုက်နာကြပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်း ပေါ့ဆလာကြပြီး နေပြည်တော်ကတော့ ပေါ့ဆမှု အနည်းဆုံးလို့ ဆိုပါတယ်။  “ယခု covid ကာလမှာ သတိအထူးထားပြီး စီစဉ်ရတာကတော့ ရန်ကုန် အတွက်ဖြစ်ပါတယ်။ လူဦးရေကလည်း အများဆုံး၊ ပြည်တွင်း ရောဂါပြန့်ပွါးမှုကလည်း အမြင့်မားဆုံးနေရာ ဖြစ်နေလို့ပါ။ ရောဂါအခြေအနေကြည့်ပြီး ဖြေလျှော့ပေးနိုင်တာတွေကို ဖြေလျှော့ပေးပါတယ်။ မန္တလေးအခြေအနေက ရန်ကုန်လောက် စိုးရိမ်စရာမရှိပေမဲ့ တိုင်းအစိုးရက စည်းမျဉ်းစည်းကမ်းများ ဂရုစိုက်ပြီး သတ်မှတ်ပါတယ်။”လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ လူမှုကွန်ရက်မှာရေးပါတယ်။ နေပြည်တော်က ရောဂါအန္တရာယ် မများဘူးလို့ ပြောနိုင် ပေမဲ့၊ ပြည်ထောင်စု အစိုးရရုံးစိုက်ရာမြို့ဖြစ်လို့ အထူးသတိထားရသလို အစိုးရစက်ယန္တရားကြီး လည်ပတ်မှု မထိခိုက်ရအောင် စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ရတယ်လို့ ရေးသားထားပါတယ်။ ကောင်းတဲ့ပြိုင်ဆိုင်မှုစိတ်ဓာတ်နဲ့ ကိုယ့်မြို့က စည်းကမ်းလိုက်နာတဲ့နေရာမှာ အတော်ဆုံးဆိုတာ ပြနိုင်အောင် ကြိုးစားကြလို့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းထားပါတယ်။  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အန်အယ်လ်ဒီပါတီရုံးဖွင့် ပွဲအခမ်းအနားကို  နှာခေါင်းစည်း Mask မတပ်ဘဲတက်ရောက်ခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရပါတယ်။  
10 months Ago
Up