အတိုင်ပင်ခံပုဂ္ဂိုလ်

January 13, 2021

ပြည်ထောင်စုတဝန်း ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရလိုဟု အတိုင်ပင်ခံပုဂ္ဂိုလ် ပြော 

နိုင်ငံတော်အစိုးရအနေနဲ့ ကရင်ပြည်နယ်ကစပြီး  ပြည်ထောင်စုတဝန်းလုံးမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဖွံ့ဖြိုးရေးတို့ ဖြစ်ထွန်း ရရှိစေလိုတယ်လို့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီလ ၁၃ ရက်၊ ကရင်သက္ကရာဇ် ၂၇၆၀ ခုနှစ်၊ ပြာသိုလဆန်း (၁)ရက်နေ့မှာ ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။  လာမယ့် ၁၀နှစ်ကာလ သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်မှာ ကရင်ပြည်နယ်ကို ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိပြီး  ခရီးသွားလုပ်ငန်းဗဟိုချက်တစ်ခု၊ ခေတ်မီနယ်စပ်ကုန်သွယ်ရေးဇုန်ကြီးတစ်ခု၊ အထူးစိုက်ပျိုးရေးဇုန်၊ အထူးစက်မှုဇုန်ကြီးတွေနဲ့ အထူးစီးပွားရေးဇုန်ကြီးတွေ ဖြစ်ထွန်းပေါ်ပေါက်နေပြီး ကရင်ပြည်နယ်ကို  နည်းပညာအခြေခံ  ကရင်လူ့အဖွဲ့အစည်းက မိမိတို့ရဲ့ ကျွမ်းကျင်မှုနဲ့ ညီညီညွတ်ညွတ် တည်ဆောက်နေကြတာကို မြင်လို၊ တွေ့လို၊ လက်တွေ့ဖြစ်ပေါ်လာစေလိုတယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က  အိမ်နီးချင်းနိုင်ငံမှာ အလုပ်အကိုင်လုပ်ကိုင်နေကြရတဲ့ ပြည်ပရောက် အလုပ်သမားတွေ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နေရပ်ပြန်ရချိန်မှာ ကရင်ပြည်နယ်သူ၊ ပြည်နယ်သားတွေက ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဖေးမကူညီပံ့ပိုးခဲ့ကြတာ ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ဖြစ်တယ်လို့ ဆိုပါတယ်။  ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးကို အတူတကွ တည်ဆောက်ဖို့သာမက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုပါ ခိုင်ခိုင်မာမာ ကတိကဝတ်ပြုခဲ့ပြီးနောက် လက်နက်ကိုင် ပဋိပက္ခကြောင့် မှေးမှိန်ငုပ်လျှိုးခဲ့ရတဲ့ အခွင့်အလမ်းတွေ ကရင်ပြည်နယ်မှာ ပေါ်ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။  ကရင်ပြည်နယ်ဟာ နယ်စပ်ကုန်သွယ်ရေးရဲ့ အချက်အချာဒေသတစ်ခု၊ မပျက်စီးသေးတဲ့ သဘာဝအလှတရားနဲ့ သဘာဝအခြေခံခရီးသွားလုပ်ငန်းတွေ စတင်ဖွံ့ဖြိုးစရပ်ဝန်းတစ်ခု၊ အာဆီယံ အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်မှာ  တည်ရှိတဲ့ ပေါင်းကူးတစ်ခုဖြစ်လို့ နယ်ပယ်စုံ၊  ကဏ္ဍစုံမှ တိုးတက်မှုအလားအလာကောင်းတွေရှိနေပြီး  နယ်စပ်ဒေသဖြစ်တာနဲ့အညီ ဒေသတွင်း သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံပြည်သူတွေရဲ့   လူမှု-စီးပွားကို  မထိခိုက်စေဘဲ  တိုးတက်မှုတွေကို စနစ်တကျ ဖော်ဆောင်ဖို့ အထူးအရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။  နောင်လာမယ့် ၁၀ နှစ်မှာ  ကရင်ပြည်နယ်ကို  ဘယ်လိုနေအထားမျိုး၊  အဆင့်အတန်းမျိုး ဖြစ်နေတာကို မြင်ချင်သလဲဆိုတဲ့ မေးခွန်းကို ယနေ့လက်ရှိ ကရင်ပြည်နယ်ရှိ တာဝန်ရှိသူတွေ အဖွဲ့အစည်းအသီးသီးမှ  ခေါင်းဆောင်တွေရဲ့ အမြော်အမြင်နဲ့ စိတ်ပိုင်းဖြတ်ချက်တို့က အဖြေပေးသွားမှာဖြစ်ပြီး ပိုမိုငြိမ်းချမ်း တိုးတက် ကောင်းမွန်တဲ့ နှစ်သစ်ကို အတူလက်တွဲ ပူးပေါင်းဖော်ဆောင်ကြဖို့လည်း  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖိတ်ခေါ်လိုက်ပါတယ်။ ကရင်နှစ်သစ်ကူးနေ့ပွဲတော်ကို  ကရင်ပြည်နယ် မြို့တော် ဘားအံနဲ့ ရန်ကုန်မြို့ အပါအဝင် ကရင်လူမျိုးတွေရှိတဲ့ ဒေသတွေမှာ နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပေမယ့် အခုနှစ်မှာ တော့ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် အကျဉ်းချုံးသာ ကျင်းပခဲ့ပါတယ်။ 
5 months Ago

December 28, 2020

ဂျီတီအိုင်ကျောင်းများ အဆင့်မြှင့်တင်၊ ကျောင်းသစ်များတိုးချဲ့ရမည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

နိုင်ငံတစ်ဝန်း အသက်မွေးဝမ်းကျောင်းပညာရပ်တွေ လေ့ကျင့်သင်ကြားပေးနေတဲ့ ဂျီတီအိုင်ကျောင်းတွေ အဆင့်မြှင့်တင်ရေးကို  အထူးအလေးထား ဆောင်ရွက်ရမှာဖြစ်သလို၊  ဒေသလိုအပ်ချက်နဲ့ကိုက်ညီတဲ့ သင်တန်းတွေ ပေးအပ်နိုင်ဖို့ ကျောင်းသစ်တွေ စနစ်တကျ တိုးချဲ့ဆောင်ရွက်ရမယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ စက်မှုလက်မှုသိပ္ပံကျောင်း  "Government Technical Institute” GTI ပညာရေး ၁၂၅ နှစ်ပြည့် အထိမ်းအမှတ် ဒီဇင်ဘာ ၂၇ ရက်နေ့က ကျင်းပတဲ့  အခမ်းအနားမှာ မိန့်ခွန်း ပြောကြားရာ ထည့်သွင်း ပြောသွားတာပါ။  ဒီလိုလုပ်ငန်းစဉ်တွေကို ခိုင်ခိုင်မာမာ ဆောင်ရွက်နိုင်ဖို့အတွက် မဟာစီမံကိန်းတွေ စနစ်တကျချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့လည်း  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က  ပြောပါတယ်။ “ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးအဖြစ်     တည်ထောင်ရာ မှာ    အထူးလိုအပ်နေတဲ့     အရည်အသွေးမြင့်မားတဲ့ နည်းပညာရှင်တွေ၊   ကျွမ်းကျင်ပညာရှင်တွေ နဲ့  ကျွမ်းကျင်လုပ်သားတွေကို မွေးထုတ်ပေးနိုင်ဖို့ ဒီလို GTI ကျောင်းတွေရဲ့ အရည်အချင်း မြင့်မားဖို့ဟာ အထူးပဲ လိုအပ်လှပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အသက်မွေးဝမ်းကျောင်းပညာဟာ အမှန်တကယ် တိုးတက်ပါမှ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာနိုင်မှာ ဖြစ်တဲ့အတွက် ဒီလိုသက်မွေးပညာရပ်တွေကို သင်ကြားလေ့ကျင့် ပေးနေတဲ့ အင်းစိန်ဂျီတီအိုင် သိပ္ပံကျောင်းတွေရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဟာ တစ်နေ့တခြား အရေးပါတဲ့  အခန်းကဏ္ဍ တစ်ခုအနေနဲ့ တည်ရှိလျက်ရှိပါတယ်။ အရှေ့တောင်အာရှ သာမက ကမ္ဘာ့အဆင့်မီ သက်မွေး ပညာသင်ကျောင်းများ ပေါ်ပေါက်လာစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြဖို့၊ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အထူးပဲလိုအပ်လှပါတယ်။” နိုင်ငံခေတ်မီ ဖွံ့ဖြိုးတိုးတက်ဖို့ အင်းစိန်ဂျီတီအိုင်အပါအဝင် တစ်နိုင်ငံလုံး မှာရှိတဲ့  နည်းပညာကောလိပ်၊ သိပ္ပံနဲ့ကျောင်းတွေမှာ နည်းပညာနဲ့ သက်မွေး ပညာသင်ယူနေတဲ့ ကျောင်းသား၊  ကျောင်းသူတွေအနေနဲ့ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်တတ်မြောက်မှု၊ အသိပညာကြွယ်ဝမှုနဲ့   ခံယူချက် ကောင်းမွန်မှု စတဲ့အချက်တွေနဲ့ ပြည့်ဝတဲ့ လူသားကောင်းတွေ ဖြစ်လာစေဖို့ အင်မတန်အရေးကြီးတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အင်းစိန်ဂျီတီအိုင်အတွက် အရေးပါတဲ့ သမိုင်းဝင်အဆောက်အအုံတွေ၊ အမှတ်အသားတွေကို ရန်ကုန်ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ကလည်း တရားဝင်အသိ အမှတ်ပြုပြီးဖြစ်တာ ကြောင့် ရေရှည်တည်တံ့ခိုင်မြဲနိုင်ရေးအတွက် မဖြစ်မနေထည့်သွင်းစဉ်းစား လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။  အင်းစိန်ဂျီတီအိုင်ဟာ ၁၈၉၅ ခုနှစ်  ဧပြီ ၁ ရက်က စပြီး ရန်ကုန်မြို့၊   လသာမြို့နယ်၊  မြို့မကျောင်းလမ်း၊  အမှတ် (၂၉၇)နေရာမှာ Government Engineering School အဖြစ် စတင်မွေးဖွားခဲ့ပြီး နောင်မှာ မြန်မာနိုင်ငံရဲ့   စက်မှုလက်မှုသိပ္ပံကျောင်း  (၁၂)ကျောင်းအနက်  အစောဆုံး ပေါ်ပေါက်လာခဲ့တဲ့ ကျောင်းဖြစ်ပါတယ်။ ၁၈၉၈ ခုနှစ်မှာ အင်းစိန်ဘူတာအရှေ့ဘက် ယခု တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး  (၁၀)နှစ်အကြာ   ၁၉၀၈ ခုနှစ်မှာ   "Government School of Engineering & Technical High School" အမည်နဲ့ အင်းစိန်(ရွာမ) လက်ရှိနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၁၂ ခုနှစ်မှာ "Government Technical Institute-GTI” ဆိုပြီး အမည်ပြောင်းလဲသတ်မှတ်ပြီး အသက်မွေးဝမ်းကျောင်း နည်းပညာ ရပ်တွေကို စတင်သင်ကြားခဲ့ပါတယ်။ အင်းစိန်ဂျီတီအိုင်ကနေ အစပြုပြီး လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ စက်မှုလက်မှု သိပ္ပံကျောင်းတွေအဖြစ် မန္တလေး၊ ကလော၊ ပြည်၊ ချောက်၊ မော်လမြိုင်၊ ဟင်္သာတ၊ တောင်ငူ၊ မုံရွာ၊ မိတ္ထီလာ၊ မအူပင်၊ သန်လျင်တို့မှာ ဆက်လက်ဖွင့်လှစ် သင်ကြားပေးနေပါတယ်။ ဓာတ်ပုံ- STATE COUNSELLOR
6 months Ago
More News
Up