အတိုက်အခံခေါင်းဆောင်

May 6, 2018

ပူတင်အား ဆန္ဒပြရန် ဆော်သြခဲ့သည့် ရုရှားအစိုးရ အတိုက်အခံခေါင်းဆောင်ကို ဖမ်းဆီး

ဆန္ဒပြဖို့ ဆော်သြခဲ့တဲ့ ရုရှားအစိုးရအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗဲလ်နီနဲ့ ဆန္ဒပြသူတွေကို စိန့်ပီတာစဘတ်မှာ ရဲကဖမ်းခဲ့ပါတယ်။ သမ္မတပူတင်ရဲ့ လေးကြိမ်မြောက်သမ္မတအဖြစ် တာဝန်စတင်ထမ်းဆောင်မှုကို ဆန္ဒပြကြဖို့ ရုရှားအစိုးရ အတိုက်အခံခေါင်းဆောင် နာဗဲလ်နီဟာ မော်စကိုမြို့က ပွတ်ရှ်ကင်းရင်ပြင်မှာ  မေလ ၅ ရက်နေ့က လှုံ့ဆော်ခဲ့တာပါ။ သိပ်မကြာခင်မှာပဲ နာဗဲလ်နီကို ရဲတွေက ဖမ်းခဲ့ပါတယ်။ ရုရှားနိုင်ငံတလွှား မြို့ ၉၀ ကျော်မှာ ဆန္ဒပြဖို့ သူက လှုံ့ဆော်ခဲ့တာပါ။ “ကျနော်တို့တွေက မတူညီကြပါဘူး။ ဒါပေမယ့် တူညီတဲ့အခွင့်အရေးရှိတဲ့ လူတွေပါ။ ကျနော်တို့ ဇာဘုရင် တယောက်ကို လိုသလား၊ ခင်ဗျားတို့နဲ့အတူ ရှိနေရတာ ဂုဏ်ယူတယ်” လို့ နာဗဲလ်နီရဲ့ ဟောပြောလှုံ့ဆော် နေတာကိုလည်း တွေ့ရပါတယ်။ နာဗဲလ်နီရဲ့ လှုံ့ဆော်မှုကြောင့် မေလ ၅ ရက်နေ့က စိန့်ပီတာ စဘတ်မြို့မှာ ပူတင်ကို ကန့်ကွက်ဆန္ဒပြခဲ့လို့ ဆန္ဒပြသူ ၂၀၀ ၀န်းကျင် ဖမ်းဆီးခံခဲ့ရပါတယ်။ အခုရက်ပိုင်းအတွင်း နိုင်ငံတ၀န်းဖမ်းဆီးခံရသူ ၁၆၀၀ ၀န်းကျင်ရှိတယ်လို့ ရုရှားအစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းမှုတွေကို စောင့်ကြည့်နေတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတခုက ပြောပါတယ်။ “ကျနော်တို့က ပဲလေ့စ်ရင်ပြင်မှာ စုဝေးချင်တာပါ။ ဒါပေမယ့် ရဲတွေက ရင်ပြင်တခုလုံးကို ပိတ်ထားပါတယ်။ သူတို့က ကျနော်တို့ ငြိမ်းချမ်းစွာ စုဝေးတာကို လိုလားပုံမရပါဘူး။ ဒီမြို့ထဲမှာ ကျနော်တို့ နေရာရှာမှာပါ။ ဒါက ကျနော်တို့မြို့ပါ” လို့ ပူတင်ကို ကန့်ကွက်ဆန္ဒပြသူတဦးက ပြောပါတယ်။ ပူတင်ဟာ မတ်လရွေးကောက်ပွဲမှာ ထောက်ခံမဲအများစုနဲ့ သမ္မတအဖြစ် လေးကြိမ်မြောက် ပြန်အရွေးခံခဲ့ရပါတယ်။ ဒါကြောင့် ရုရှားနိုင်ငံကို နောက်ထပ် ၆ နှစ်အုပ်ချုပ်ခွင့်ရခဲ့တာပါ။ ဆိုဗီယက်ခေတ် အာဏာရှင် စတာလင် နောက်ပိုင်းမှာ ပူတင်ဟာ သက်တမ်းအရှည်ဆုံး နိုင်ငံခေါင်းဆောင်အဖြစ် ရုရှားကို ၂၄ နှစ်ကြာ အုပ်ချုပ်သူဖြစ်လာခဲ့ပါတယ်။
3 years Ago
Up