အတိတ်ဟာ အနာဂတ်အတွက် သင်ခန်းစာယူရန်ဖြစ်ပြီး အာဃာတထားရန်မဟုတ်ဟု ဒေါ်စုပြော

December 5, 2015

အတိတ်ဟာ အနာဂတ်အတွက် သင်ခန်းစာယူရန်ဖြစ်ပြီး အာဃာတထားရန်မဟုတ်ဟု ဒေါ်စုပြော

အတိတ်ဆိုတာ အနာဂတ်အတွက် သင်ခန်းစာယူရန်သာဖြစ်ပြီး အာဃာတထားဖို့နဲ့ နောက်ကြောင်းပြန် အပြစ်ယူဖို့ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၅ ရက်က အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အထက်မြန်မာပြည် ရွေးကောက်ခံကိုယ်စားလှယ်လောင်းတွေ တွေ့ဆုံပွဲမှာ အခုလို မိန့်ကြားခဲ့တာဖြစ်ကြောင်း အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က ပြောပါတယ်။ ““အတိတ်ဆိုတာက အနာဂတ်အတွက် သင်ခန်းစာယူဖို့၊ အာဃာတ ထားဖို့ မဟုတ်ဘူး၊ နောက်ကြောင်းပြန်ပြီး အပြစ်ယူဖို့ မဟုတ်ဘူးတဲ့၊ အာဃာတထားပြီး ကလဲ့စားချေဖို့လည်း မဟုတ်ဘူးတဲ့၊ ညီညွတ်တဲ့နိုင်ငံ၊ တဦးနဲ့တဦး ယုံကြည်မှုရှိတဲ့ နိုင်ငံမျိုး တည်ထောင်ဖို့ လိုတယ်ဆိုတဲ့အကြောင်း ပြောတာပါ။” စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ခိုင်ခိုင်မြဲမြဲ ဖြစ်ပေါ်စေချင်ကြောင်း ပြောတယ်လို့လဲ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကယား၊ ချင်းတို့က အနိုင်ရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ မကွေး၊ ရှမ်း၊ ကချင်၊ နာဂ၊ ဓနု၊ အင်းသား၊ ပလောင်တို့က အနိုင်ရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
7 years Ago
Up