အတည်ပြုချက်ယူသင့်

January 18, 2020

ဒိုင်လူကြီးများ VAR စနစ်ဖြင့် ဆုံးဖြတ်ချိန် ကွင်းဘေး တီဗွီမော်နီတာတွင် အတည်ပြုချက်ယူသင့်

အနီကတ်နဲ့ပတ်သက်ပြီး VAR စနစ်နဲ့ ဆုံးဖြတ်ချက် ပြင်ဆင်ချိန်မှာ ကွင်းဘေး တီဗွီမော်နီတာနဲ့ အတည်ပြုချက်ရယူတာကို ပရီးမီးယားလိဂ်က ဒိုင်လူကြီးတွေအနေနဲ့ အခုသီတင်းပတ်ကနေ စတင်ပြီး ကျင့်သုံးသင့်တယ်လို့ အကြံပြုချက် ထွက်ပေါ်လာခဲ့ပါတယ်။  ဒီဆုံးဖြတ်ချက်ဟာ လောင့်ဘရော့မှာ လုပ်ခဲ့တဲ့ ဒိုင်လူကြီးများဆိုင်ရာ အခုသီတင်းပတ် ပုံမှန်အစည်းအဝေး ကျင်းပပြီးစီးချိန်မှာ ပေါ်ထွက်လာခဲ့တာပါ။ လက်ရှိ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ကွင်းဘေး တီဗွီမော်နီတာတွေ ရှိနေပေမယ့် ဒီမော်နီတာတွေကို မမြင်လိုက်ရတဲ့ ဖြစ်ရပ်တွေ၊ ဒါမှမဟုတ် ကွင်းလယ်ဒိုင်တယောက်အနေနဲ့ ဆုံးဖြတ်ဖို့ ခက်ခဲတဲ့အခြေအနေမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေအတွက်သာ အသုံးပြုဖို့ ပရီးမီးယားလိဂ်နဲ့ ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့ချုပ်တို့က သတ်မှတ်ထားတာ ဖြစ်ပါတယ်။  ဒါပေမဲ့ The Times သတင်းမှာ ဖော်ပြချက်အရ အကြံပြုချက်အသစ်အရ ဒိုင်လူကြီးတွေဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ အဝါကတ်ပေးမှုကို အနီကတ်အဖြစ် ပြောင်းလဲလိုပြီး အနီကတ်ပေးမှုကို အဝါကတ်အဖြစ် သတ်မှတ်ဖို့ VAR ဒိုင်လူကြီးတွေနဲ့ ဆုံးဖြတ်ချက် မကိုက်ညီချိန်မှာ ဒိုင်လူကြီးအတွက် ပြန်လည်သုံးသပ်မှု ဧရိယာ (RRA) ကို အသုံးပြုသင့်တယ်လို့ ဖော်ပြထားကြောင်း သိရပါတယ်။ ဒီအကြံပြုချက်မှာ ဖော်ပြထားတဲ့အတိုင်းပဲ ဖီဖာဥက္ကဋ္ဌ ဂျီယန်နီ အင်ဖာတီနိုက ပြောဆိုခဲ့ဖူးပါတယ်။ အင်ဖာတီနိုက ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေကို ကွင်းဘေးမှာရှိတဲ့ မော်နီတာတွေနဲ့ ကြည့်ရှုစစ်ဆေးတာမျိုး လိုချင်နေပြီး ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေဟာ ဒီရာသီမှာ မော်နီတာကို ကြည့်တာမျိုး မတွေ့ရသေးဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။ ဖီဖာဥက္ကဋ္ဌ ပြောဆိုခဲ့သလိုပဲ လက်ရှိအချိန်အထိ ကျင်းပပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂၂၀ လုံးမှာ ကွင်းဘေးမှာရှိတဲ့ မော်နီတာကို ကြည့်ရှုစစ်ဆေးခဲ့တာမျိုး မရှိခဲ့ပါဘူး။ ဒါပေမဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ဒါဘီကောင်တီအသင်းတို့ အခုလအတွင်းမှာ ကန်ခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာတော့ ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာဟာ မော်နီတာကို ကြည့်ခဲ့ဖူးတယ်လို့ Sky Sports သတင်းမှာ ဖော်ပြပါတယ်။
1 year Ago
Up