အတည်ပြု

August 7, 2018

ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း (၂) ကို  လွှတ်တော် အတည်ပြု

ပြည်ထောင်စုငြိမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေး ရလဒ်ဖြစ်တဲ့  အချက် ၁၄ ချက်ပါ ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း ၂ ကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ သြဂုတ် ၇ ရက်က ပြည်ထောင်စုလွှတ်တော်ကို သမ္မတက ပေးပို့ထားတဲ့ ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း ၂ ကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီဝင် ဦးထွန်းထွန်းဦးက တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေးကဏ္ဍ ၄ ချက်၊ စီးပွားရေးကဏ္ဍ ၁ ချက်၊ လူမှုရေးကဏ္ဍ ၇ ချက်နဲ့ မြေယာကဏ္ဍ ၂ ချက် စုစုပေါင်း အချက် ၁၄ ချက် ပါဝင်တဲ့ ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း ၂ ကို ဇူလိုင် ၁၆ ရက်က ပြီးခဲ့တဲ့ ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးမှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေးကနေ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၁ အဖြစ် ၃၇ ချက် အတည်ပြုထားခဲ့ပြီး ပြီးခဲ့တဲ့ တတိယအကြိမ်မှာ ထပ်မံအတည်ပြု သဘောတူခဲ့တဲ့ ၁၄ ချက်နဲ့ဆိုရင် ပြည်ထောင်စု သဘောတူစာချုပ်မှာ စုစုပေါင်း အချက် ၅၁ ချက် ရှိပါတယ်။ ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း ၁ မှာ နိုင်ငံရေးကဏ္ဍ မူဝါဒ သဘောတူညီချက် ၁၂ ချက်၊ စီးပွားရေးကဏ္ဍ မူဝါဒ သဘောတူညီချက် ၁၁ ချက်၊ လူမှုရေးကဏ္ဍ မူဝါဒ သဘောတူညီချက် ၄ ချက်နဲ့ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ မူဝါဒ သဘောတူညီချက် ၁၀ ချက် စုစုပေါင်း ၃၇ ချက် ပါဝင်ပါတယ်။ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၁ နဲ့ ၂ ရရှိဖို့အတွက် အစိုးရအစုအဖွဲ့ ကိုယ်စားလှယ်၊ လွှတ်တော်အစုအဖွဲ့ ကိုယ်စားလှယ်၊ တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ ကိုယ်စားလှယ်တို့ ပါဝင်ဆွေးနွေးခဲ့ကြရတာ ဖြစ်ပါတယ်။ Photo : Union Peace Conference - 21st Century Panglong - Third Session
3 years Ago

December 16, 2017

မက္ကစီကို မူးယစ်စစ်ပွဲတွင် စစ်တပ်ကိုသုံးရန် လွှတ်တော် အတည်ပြု

မက္ကစီကိုနိုင်ငံအတွင်း မူးယစ်စစ်ပွဲမှာ စစ်တပ်ကိုသုံးဖို့ ခွင့်ပြုမယ့် ဥပဒေကို အောက်လွှတ်တော်က သောကြာနေ့မှာ အတည်ပြုလိုက်ပါတယ်။ စစ်တပ်ကတာဝန်ကို အလွဲသုံးစားလုပ်မှုတွေကို အားပေးသလိုဖြစ်မှာ စိုးရိမ်တဲ့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဒီလုပ်ရပ်ကို ဆန့်ကျင်ခဲ့ကြပါတယ်။ ပြည်တွင်းလုံခြုံရေး ဥပဒေလို့ သိကြတဲ့ ဒီဥပဒေမူကြမ်းကို လက်ရှိအာဏာရ တော်လှန်ရေးပါတီနဲ့ လက်ယာယိမ်း အတိုက်အခံ အမျိုးသားလှုပ်ရှားမှု ပါတီက တချို့အဖွဲ့ဝင်တွေက ကျောထောက်နောက်ခံ ပေးခဲ့တာပါ။ ခုတော့ သမ္မတ အန်ဒရေပေနာနေတိုက ဥပဒေအဖြစ် လက်မှတ်ထိုးဖို့ လိုနေပါတယ်။ ကျန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း မက္ကစီကိုနိုင်ငံထဲမှာ မူးယစ်စစ်ပွဲကြောင့် လူတသိန်းကျော် သေဆုံးခဲ့ပါတယ်။ မက္ကစီကို စစ်တပ်ဟာ မူးယစ်ဂိုဏ်းဝင်အဖြစ် သံသယရှိသူတွေကို ဥပဒေပြင်ပ သတ်ဖြတ်မှုတွေ အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကျော်မကောင်း ကြားမကောင်းမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ၂၀၁၄ ခုနှစ်က ကျောင်းဆရာ သင်တန်းသား ၄၃ ယောက် စစ်တပ် အခြေစိုက်စခန်း နားမှာ ပျောက်ဆုံးမှုအတွက် ခုထိ အဖြေမထွက်သေး ပါဘူး။ စစ်တပ်က ရဲအလုပ်ကို လုပ်လာတဲ့ ၁၁ နှစ်အတွင်း သေဆုံးပျောက်ဆုံးမှု ထောင်ချီရှိလာသလို လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ အတင်းနေရာရွှေ့ပြောင်း ခံရမှုတွေလည်း  ထောင်ချီပြီး ရှိခဲ့တယ်။ နှစ် ၂၀ အတွင်း မမြင်ဖူးတဲ့ အကြမ်းဖက်မှုအဆင့်ကို ရောက်ခဲ့တယ်လို့ အတိုက်အခံ ပါတီက လွှတ်တော်အမတ်က ပြောပါတယ်။ ဥပဒေစိုးမိုးဖို့ အရပ်ဖက် လူ့အဖွဲ့အစည်းကို ရာဇဝတ်မှု လျော့ပါးရေးကူညီဖို့ စစ်တပ် ရေတပ်နဲ့ ပြည်ထောင်စု ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ဖို့ တရားဝင် အဆင့်အတန်း တခုကို ပံ့ပိုးတာလို့ လက်ရှိ အာဏာရ ပါတီက လွှတ်တော်အမတ်က ပြောပါတယ်။ ဥပဒေမူကြမ်းဟာ ရဲကို သြဇာပိုပေးမယ့်အစား စစ်တပ်ကို သြဇာပိုပေးထားတယ်၊ ဒါဟာ အလွဲသုံးစားမှုနဲ့ ပြစ်မှုအတွက် ဒဏ်ခတ်မခံရတာတွေကို ပိုပြီး ဖြစ်စေလိမ့်မယ်လို့ လူ့အခွင့်အရေး အုပ်စုတွေက ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးနဲ့ မက္ကစီကန် လူ့အခွင့်အရေးအဖွဲ့တို့ အားလုံးက လွှတ်တော်အမတ်တွေ ဒီဥပဒေမူကြမ်းကို အတည်မပြုဖို့ ဆွယ်တရား ဟောခဲ့ကြ ပါတယ်။
4 years Ago
More News
Up